အင်္ဂလန်နိုင်ငံရှိ လူ ၂၀၀မှာ ၁ ယောက် အိမ်ခြေရာမဲ့ဖြစ်နေလို့ စစ်တမ်းတစ်ခုက ဖော်ပြ

Unsplash/FT

အင်္ဂလန်နိုင်ငံရှိ လူ ၂၀၀ မှာ ၁ ယောက်လောက်တော့ အိမ်ခြေရာမဲ့ဖြစ်နေတယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။ အိမ်ခြေရာမဲ့တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Shelter လို့ ခေါ်တဲ့ အဖွဲ့က စမ်တမ်းတွေ ပြုလုပ်ခဲ့တာပါ။ လေ့လာချက်တွေအရ အင်္ဂလန်နိုင်ငံတစ်ဝှမ်းလုံးမှာ ၂၀၁၉ ခုနှစ်အတွင်း လူပေါင်း ၂၈၀,၀၀၀ ယောက်လောက် အိမ်ရာမဲ့ဖြစ်နေတာကို တွေ့ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က လေ့လာချက်တွေထက် ပိုမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ အိမ်ခြေရာမဲ့ဖြစ်သူဦးရေ ၂၃,၀၀၀ ယောက်ပဲရှိတာပါ။

အဆိုပါ ၂၀၁၉ ခုနှစ်လေ့လာချက်တွေအရ လူပေါင်း ၄,၆၇၇ ယောက်ဟာ လမ်းဘေးတွေမှာပဲ အိပ်နေရတဲ့ အခြေအနေဖြစ်ပြီး လူပေါင်း ၂၅၄,၉၂၇ ယောက်ဟာ အဆောက်အဦးပျက်တွေ၊ တခြားနေရာလွတ်တွေမှာ ယာယီခိုလှုံနိုင်တဲ့ နေရာတွေမှာ နေထိုင်နေကြတာပါ။ ကျန် လူပေါင်း ၃,၉၃၇ ယောက်ဟာ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ကူညီမှုကပေးထားတဲ့ အဆောင်တွေမှာ နေထိုင်နေရတာပါ။

Shelter အဖွဲ့ရဲ့ လေ့လာချက်အရ ဒီလောက်လေးတင်မဟုတ်သေးပါဘူး။ အင်္ဂလန်နိုင်ငံမှာ လူပေါင်း ၂၂၀,၀၀၀ ယောက်လောက်ဟာ သူတို့နေအိမ်တွေကို ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း တင်ပြထားသေးကြောင်း Metro သတင်းစာက ဖော်ပြခဲ့ပါတယ်။

ချမ်းသာပြီး လူမှုအဆင့်အတန်းမြင့်မားပါတယ်ဆိုတဲ့ လန်ဒန်မြို့မှာဆိုရင်တောင်မှ အိမ်ခြေရာမဲ့ လူပေါင်း ၁၇၀,၀၆၈ ယောက်ရှိပါတယ်။ အဲဒီထဲကမှ လူပေါင်း တစ်ထောင်ကျော်ဟာ လမ်းဘေးတွေမှာပဲ ဖြစ်နေသလို နေထိုင်နေရပါတယ်။

Twitter/Lece

မန်ချက်စတာမြို့မှာတော့ အိမ်ခြေရာမဲ့ စုစုပေါင်း အယောက်ငါးထောင်ကျော်ရှိပြီး ရာဂဏန်းလောက်ပဲလမ်းဘေးမှာ အိပ်စက်နေရပါတယ်။ ဘာမင်ဂန်မြို့မှာတော့ ၁၇,၂၅၈ ယောက် ရှိပြီး မြို့နေလူထုအချိုးနဲ့ဆိုရင် လူ ၆၆ ယောက်မှာ ၁ ယောက်ဟာ အိမ်ခြေရာမဲ့  အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို အိမ်ခြေရာမဲ့တွေမှာ Sarah Martin ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်းပါဝင်ပါတယ်။ သူ(မ)နဲ့ သူ(မ)ရဲ့ ၁၄ နှစ်အရွယ်သား တို့ နှစ်ယောက်ဟာ Newhamမြို့မှာ ညစ်ပတ်ပေရေစွာနေထိုင်နေရပါတယ်။ အင်းဆက်ပိုးကောင်တွေ ကိုက်ခဲမှုဒဏ်နဲ့ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်လာတဲ့ ရောဂါဆိုးများကို အချိန်နဲ့အမျှ ခံစားနေရသူပါ။ တကယ်တော့ သူတို့သားအမိဟာ အရင်ကတော့ ဒီလိုအိမ်ခြေရာမဲ့ဘဝတော့ မဟုတ်ပါဘူး။ Sarah Martin ရဲ့ မိခင်ဖြစ်သူ သေဆုံးသွားချိန်မှာ သူတို့ရဲ့ နေအိမ်ကနေ အနှင်ထုတ်ခံရပြီး အခုလို အခြေအနေအထိ ရောက်ရှိလာသူပါ။ အသက် ၄၀ ရှိနေပြီဖြစ်တဲ့ Sarah Martin ဟာ အခုအချိန်မှာ အိမ်ခြေရာမဲ့နေမှုကြောင့်  ကျန်းမာရေးဆိုးဝါးနေပါတယ်။

ဒီလိုအိမ်ခြေရာမဲ့ဦးရေများပြာလာခြင်းကို ဖြေရှင်းဖို့အတွက် ကျွမ်းကျင်ပညာရှင်များက အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အခွန်အခတွေကို လျော့ချပေးဖို့ကို ပြောဆိုနေကြပါတယ်။

Ye Yint Kyaw

SHARE