
ရှေးဟောင်းတက်တူးထိုးတဲ့လူတွေဟာ ဖိလစ်နိုင်ငံတစ်နိုင်ငံတည်းသာမက အခုအချိန်အထိ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရှိပါသေးတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီလိုရှေးဟောင်းတက်တူးကို ကျွမ်းကျွမ်းကျင်ကျင်ထိုးနိုင်တဲ့ လူကတော့ တစ်ယောက်တည်းသာရှိတော့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဆိုပါလူကတော့ အသက် ၁၀၃ နှစ်အရွယ် ဖွားဖွား Whang Od Oggay ပဲ ဖြစ်ပါတယ်။

Oggay နေတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံရှိ Buscalan ဆိုတဲ့ ရွာကလေးမှာပါ။ အဆိုပါရွာကလေးဟာ အင်မတန်မှ အေးချမ်းပြီး တောင်တွေပတ်လည်ဝိုင်းရံထားတဲ့ တောင်ပေါ်ရွာငယ်လေးတစ်ခု ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မြောက်ဖက်အခြမ်းရှိ Kalinga ဒေသမှာ တည်ရှိပြီး မနီလာမြို့ကနေတောင် ၁၅ နာရီလောက် ကားမောင်းပြီး လာရပါတယ်။ ဒါပေမယ့်လည်း ဖိလစ်ပိုင်နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတော်တော်များများဟာ Oggay ဆီကို တကူးတကလာရောက်ပြီး တက်တူးထိုးလေ့ရှိကြောင်း သိရပါတယ်။
https://www.instagram.com/p/BbzQrZxDYr-/?utm_source=ig_embed
ဒီလိုလူတော်တော်များများက Oggay ဆီကို တကူးတကလာရောက်ပြီး တက်တူးအထိုးခံတယ်ဆိုတာကလည်း သူမဟာ တစ်ဦးတည်းသော ရှေးဟောင်းတက်တူးပညာရှင် ဖြစ်နေလို့ပါပဲ။ Oggay ရဲ့ တက်တကးထိုးနည်းကတော့ ရိုးရာတက်တူးထိုးနည်းတစ်ခုပါပဲ။ ဒီဘက်ခေတ်မှာတော့ တက်တူးထိုးရင် စုတ်တံတော်တော်များများမှာ အပ်ကို သုံးလေ့ရှိပါတယ်။ Oggay ကတော့ အပ်နေရာမှာ ကျွဲကောသီးအပင်က အဆူးကို အသုံးပြုသလို စုတ်တံနေရာမှာတော့ ဝါးတံတစ်ခုကို အသုံးပြုကာ ရေ၊မီးသွေးတို့အဖြစ်နဲ့ တက်တူးထိုးလေ့ရှိပါတယ်။ ဒီလိုနည်းကိုတော့ Kalinga တက်တူးထိုးနည်းလို့ ခေါ်ပါတယ်။
“အရင်ကဆိုရင်တော့ အဖွားနဲ့အတူတူ အဖွားသူငယ်ချင်းတွေပါ တက်တူးထိုးကြပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကစပြီး သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးသွားကြရှာပါပြီ။ အဖွားကတော့ နောက်ဆုံး ကျန်ရစ်ခဲ့သူပေါ့။ အဖွားလည်း မကြာခင် သွားရတော့မှာပါ။ ဒါပေမယ့် အဖွားမသေခင် အဖွားရဲ့တက်တူးလက်ရာကို အဝေးကြီးတွေဆီကနေ တကူးတက လာရောက်ပြီး တက်တူးထိုးကြတဲ့ လူတိုင်းကို အဖွားကျေးဇူးတင်ပါတယ်။ နောက်ဆုံး ခေါင်းမချခင်လေးတော့ ငါ့လက်ရာတွေ ဒီကမ္ဘာကြီးကလူတွေဆီမှာ ကျန်ခဲ့ပါသေးလားဆိုတဲ့ အတွေးနဲ့တင် အဖွားတော်တော်လေးကို ပျော်ပါတယ်” လို့ Oggay က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw