စမတ်ကျကျဝတ်စားတတ်ချင်တဲ့အမျိုးသားတိုင်းသိထားသင့်တဲ့ယနေ့ခေတ်ဖက်ရှင်ပုံစံများ

ဖက်ရှင်ရေစီးကြောင်းထဲမှာအမျိုးသမီးဖက်ရှင်တွေသာ ပြောင်းလဲမှုမြန်ဆန်နေတာမဟုတ်ပါဘူး။ အမျိုးသားဖက်ရှင်တွေဟာလည်း ခေတ်နဲ့လိုက်အောင်ပြောင်းလဲလာကြပါတယ်။ ကိုယ်ရဲ့ ၀တ်ပုံစားပုံက လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းတော့အဆင်ပြေနေပေမယ့် အခုခေတ်မှာတော့ တောဂိုက်ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြမှာတော့ စမတ်ကျကျဝတ်စားတတ်ချင်တဲ့အမျိုးသားတွေဗဟုသုတရစေမယ့်အချက်ကလေးတွေဖြစ်ပါတယ်။

လိုက်ကာအဆင်နဲ့တူတဲ့ဝတ်စုံ

aliexpress

လိုက်ကာနဲ့ ပန်းချီကားဒီဇိုင်းပုံစံဝတ်စုံတွေက ဇာတ်ဆန်တာကြောင့် အခုခေတ်မှာမ၀တ်ကြတော့ပါဘူး။ အရင်တုန်းကတော့ ကိုယ်ဝတ်တဲ့ဂျက်ကတ်အင်္ကျီက အရောင်တောက်လေ ကြည့်ရပိုလှလေပေါ့။ ဒါပေမယ့် အခုခေတ်ပေါ်ဖက်ရှင်မှာက ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာရှိဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကရုံးသမားတစ်ဦးဖြစ်တယ်၊ ရုံးမှာလည်းဘလေဇာကုတ်တွေဝတ်ဖို့လိုတယ်၊ ဒါပေမယ့် အနက်ရောင်လည်းသိပ်မကြိုက်ဘူးဆိုရင် ၀ိုင်အရောင်၊ သို့မဟုတ်ခရမ်းရောင်လိုမျိုးဝတ်စုံကိုဝတ်နိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်းလေးပေါ့။

ကောက်ရိုးဦးထုပ်

depositphotos

ဒီလိုမျိုးဦးထုပ်တွေက ပြီးခဲ့တဲ့(၇)နှစ်တုန်းကတော့ အမျိုးသားတွေကြားရေပန်းစားခဲ့တဲ့ဖက်ရှင်လေးပါ။ အခုအခါမှာတော့ ဘေ့စ်ဦးထုပ်လေးတွေက အရမ်းခေတ်စားလာနေပြန်ပါတယ်။ ကိုယ်ကကောက်ရိုးဦးထုပ်လေးဝယ်ထားတယ်ဆိုရင်လည်း လွှင့်ပစ်စရာတော့မရှိပါဘူး။ အားလပ်ရက်တွေမှာ ပင်လယ်ကမ်းခြေဘက်ကိုခရီးထွက်မယ်ဆိုရင်တော့ ကမ်းခြေဖက်ရှင်အနေနဲ့ဆောင်းလို့ရပါတယ်။

ကြယ်သီးအစုံပါတဲ့ရှပ်အင်္ကျီနဲ့ ဆွယ်တာခပ်ပါးပါး

depositphotos

ရှပ်အင်္ကျီနဲ့ဆွယ်တာတွဲဝတ်တာကပြဿနာမရှိပါဘူး။ ဒါပေမယ့် ၀တ်မယ့်ဆွယ်တာကအထူလား၊ အပါးလားဆိုတာတစ်ခုပဲပြောစရာရှိတာပါ။ အပေါ်ထပ်ဝတ်တဲ့ဆွယ်တာက ခပ်ထူထူလေးဆိုရင်ပိုကောင်းပါတယ်။ နို့မို့ဆိုရင် အပေါ်ထပ်ဆွယ်တာက ပါးပါးလေးဖြစ်နေတဲ့အခါ အထဲကရှပ်အင်္ကျီကြယ်သီးတွေနဲ့ အင်္ကျီအတွန့်အခေါက်တွေကအစ မြင်နေရတာအရုပ်ဆိုးပါတယ်။

READ
သင့်ကောင်မလေးကို ဘယ်တော့မှမပြောသင့်တဲ့စကား(၅)ခွန်း

V ပုံစံတီရှပ်များ

depositphotos

လည်ပင်းပေါက်အကျယ်ကြီးနဲ့ V ဟိုက်ပုံစံတီရှပ်တွေက အခုခေတ်မစားတော့ပါဘူး။ ကိုယ်က ကိုယ်ကာယတောင့်တင်းကြံ့ခိုင်တယ်၊ လက်မောင်းအလှကိုလည်းပြချင်တယ်ဆိုရင် အခုလိုမျိုးပူအိုက်တဲ့နွေရာသီတွေမှာ ချွေးထွက်သက်သာတဲ့ခပ်ရိုးရိုးချည်ထည် တီရှပ်လေးတွေကိုဝတ်ဆင်နိုင်ပါတယ်။

အလှအပတန်ဆာတွေအများကြီးပါနေတဲ့ သားရေဂျက်ကတ်

ကျောက်တုံးလေးတွေ၊ အချွန်အတက်တွေနဲ့ ဇစ်တွေအများကြီးပါတဲ့ဂျက်ကတ်တွေက ဒီကနေ့ခေတ်ရဲ့ ဖက်ရှင်မဟုတ်တော့ပါဘူး။ အရင်တုန်းကတော့ ဒီလိုမျိုးအင်္ကျီတွေဟာ အတော်ကိုခေတ်စားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ အစူးတွေ၊ အချွန်အတက်တွေပါတဲ့ဂျက်ကတ်တွေအစား အရောင်ဖျော့တဲ့သားရေနဲ့ ဂျင်းဂျက်ကတ်တွေက ခေတ်စားလာပါတယ်။

သားရေနဲ့သားမွှေးကုတ်အင်္ကျီ

depositphotos

သားရေကုတ်အင်္ကျီတွေမှာ လည်ပင်းကော်လာကသားမွှေးကြီးဖြစ်နေတဲ့အခါ ဈေးပေါသယောင်ထင်ရပြီး အသက်လည်းပိုကြီးသယောင်ထင်ရပါတယ်။ ဒါကြောင့် ကုတ်အင်္ကျီရွေးချယ်တဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ ကြည့်ကောင်းတဲ့ပုံစံမျိုးကိုပဲ ရွေးချယ်ပေးပါ။

ဂျင်းဘောင်းဘီအကြပ်

depositphotos

ကြပ်ထုပ်နေတဲ့ ဂျင်းဘောင်းဘီတွေဟာ အခုခေတ်လူငယ်တွေရဲ့ဖက်ရှင်မဟုတ်ကြတော့ပါဘူး။ ဒါကြောင့် ဘောင်းဘီအသစ်တွေထပ်ဝယ်ဖို့ရှိရင်တော့  ဘောင်းဘီအကြပ်တွေကိုရှောင်ပြီး ခြေထောက်တွေကိုချောင်ချောင်ချိချိဖြစ်စေမယ့်ဘောင်းဘီမျိုးရွေးချယ်ဝယ်ယူပါ။

ကာဂိုဘောင်းဘီိတိုများ

depositphotos

ဘောင်းဘီတိုတွေဟာ ဘယ်တော့မှခေတ်ထလာမှာမဟုတ်ပေမယ့် လူတွေကတော့မကြာခဏဆိုသလိုဝတ်ကြတာပါပဲ။ အနေအထိုင်ပေါ့ပါးလွတ်လပ်တာကြောင့်လည်း ပါမှာပါ။ ရာသီဥတုပူတဲ့အိုက်တဲ့အခါတွေမှာဆိုရင် ချည်သားဘောင်းဘီတိုတွေက တခြားအသားနဲ့ချုပ်ထားတဲ့ဘောင်းဘီတွေထက်ပိုကောင်းပါတယ်။

 ဆောင်းဝတ်ကုတ်အင်္ကျီနဲ့ ရုံးတက်ဝတ်စုံ

depositphotos

စမတ်ကျတဲ့ ရုံးတက်ဝတ်စုံအပြည့်နဲ့ ဆောင်းဝတ်ကုတ်အင်္ကျီအထူကြီးက ဘယ်လိုမှမလိုက်ဖက်ပါဘူး။ ဖိနပ်၊ လက်ဆွဲသေတ္တာကအစစအရာရာမှာ အနောက်တိုင်းဝတ်စုံပြည့်နဲ့ဖက်ရှင်ကျနေပေမယ့် ကုတ်အင်္ကျီကြီးက အမြင်ဖျက်နေပါတယ်။ ဒါကြောင့် ရာသီဥတုပေါ်မူတည်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျက်ကတ်၊ ကုတ်အင်္ကျီတွေကိုရွေးချယ်ပါ။

READ
သင့်ချစ်သူကောင်မလေးနဲ့လမ်းခွဲသင့်တဲ့ အကြောင်းအရင်းများ

 ခါးပတ်ခေါင်းကြီးကြီးနဲ့ ခါးပတ်များ

depositphotos

တောက်တောက်ပြောင်ပြောင်နဲ့ စိန်တုံးတွေ၊ ငှက်ခေါင်းတွေပါတဲ့ခါးပတ်ခေါင်းအကြီးကြီးတွေဟာ အခုခေတ်မှာပေါ်ပြူလာမဖြစ်တော့ပါဘူး။ အစူးတွေ၊ အတက်တွေနဲ့အရုပ်တွေမပါတော့တဲ့ ရိုးရိုးရှင်းရှင်းခါးပတ်ခေါင်းလေးတွေကိုပဲ ယနေ့ခေတ်မှာအသုံးများလာကြပါတယ်။

လည်ဆွဲများ

depositphotos

သစ်သား၊ ခရုကမာတွေနဲ့လုပ်ထားတဲ့လည်ဆွဲတွေကလည်း အခုခေတ်ရဲ့ ဖက်ရှင်ရေစီးထဲမှာမရှိတော့ပါဘူး။ လက်စွပ်အကြီးကြီးတွေနဲ့ ရွှေလက်ပတ်ကြိုးအကြီးကြီးတွေကလည်း ယနေ့ခေတ်လူငယ်တွေအကြိုက်မဟုတ်တော့ပါဘူး။ အခုခေတ်မှာတော့ သားရေနဲ့လုပ်ထားတဲ့ လက်ကောက်၊ လက်စွပ်တွေနဲ့ဆွဲကြိုးတွေက ဖက်ရှင်ဖြစ်နေပါတယ်။ အမျိုးသားတွေအတွက် Accessories တွေဟာ သိပ်ပြီးတောက်ပြောင်ထင်ရှားစရာမလိုပါဘူး။ ကြည့်လိုက်ရင်ရိုးရိုးရှင်းရှင်းလေးဖြစ်နေဖို့ကသာအရေးကြီးပါတယ်။

အားကစားဘောင်းဘီ

depositphotos

အားကစားဘောင်းဘီရွေးချယ်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘက်ပုံမှာပြထားတဲ့ ခပ်ကျပ်ကျပ်ဘောင်းဘီလိုမျိုးဟာ ဂျင်မ်ခန်းမထဲမှာဆိုရင်ပြဿနာမရှိပေမယ့် အဲဒီဘောင်းဘီကြီးနဲ့ မြို့ထဲလျှောက်သွားမယ်ဆိုရင်တော့အဆင်မပြေလှပါဘူး။ ဒီအစား ချည်နဲ့ပြုလုပ်ထားတဲ့အားကစားဘောင်းဘီရှည်တွေကိုရွေးချယ်သင့်ပါတယ်။

ဖိနပ်နဲ့ ခြေအိတ်

depositphotos

ခြေအိတ်ဝယ်တဲ့အခါ ဖိနပ်အရောင်နဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အရောင်မျိုးရွေးချယ်ဖို့မသင့်ပါဘူး။ ခြေအိတ်ရွေးတဲ့အခါမှာလည်း ချည်သားခြေအိတ်အတိုတွေကိုသာရွေးချယ်ဝယ်ယူသင့်ပါတယ်။

လင်းလင်း (ShweMom)

Source: Brightside.me

SHARE