(၁၃)နှစ်အရွယ် ရုရှားမလေးကို ကိုယ်ဝန်ရစေခဲ့တဲ့ သကောင့်သားအား၊ ဖော်ထုတ်နိုင်ခဲ့တဲ့အဖြစ်

VK/Darya

ပြီးခဲ့တဲ့ ရက်သတ္တပတ် (၃)ခုလောက်တုန်းက ကမ္ဘာ့သတင်းမီဒီယာထက်မှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒါကတော့ (၁၃)နှစ်အရွယ် ကောင်မလေးက (၁၀)နှစ်အရွယ် ချစ်သူကောင်လေးရဲ့လက်ကို ရဲရဲတင်းတင်းဆွဲပြီး “ကျွန်မမှာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရပါပြီ”ဆိုပြီး ရုပ်သံအစီစဉ်မှာ လူသိရှင်ကြား ကြေညာခဲ့တာပါ။

ကျွမ်းကျင်ပညာရှင်တွေကတော့ (၁၀)နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်အရ ဘယ်လိုမှ ဗိုက်ထဲက ကလေးရဲ့အဖေ မဖြစ်နိုင်ဘူးဆိုပြီး ကန့်ကွက်ခဲ့ကြပေမယ့် ကောင်လေး Ivan ကိုယ်တိုင်က ကလေးအဖေမှာ သူကလွဲပြီး တစ်ခြား ဘယ်သူမှ မရှိဘူးလို့ ရဲရဲကြီး ပြောထွက်ခဲ့ပါတယ်။ တကယ်က သူဟာ လူပျိုဖော်ဝင်ဖို့ မပြောနဲ့ အရေးကြီးတဲ့ သုတ်ဂလင်းတွေတောင် မဖွံ့ဖြိုးသေးတဲ့အရွယ်ပါ။

VK/Darya

ပညာရှင်တွေဟာ Ivan ကို အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ကလေးအဖေဟာ Ivan လုံးဝ မဖြစ်နိုင်ကြောင်း အတည်ပြုခဲ့ရာ၊ ထိုစဉ်တုန်းက ကိုယ်ဝန်သက်တမ်း နုသေးတဲ့အတွက် DNA စစ်ဖို့ အဆင်မပြေသေးချိန်ပါ။ ဒါကြောင့်လည်း လူတွေဟာ သို့လောသို့လောနဲ့ ဒီဖြစ်စဉ်ကို သိချင်ခဲ့ကြပါတယ်။

အခု စစ်ဆေးမှုတွေမှာတော့ ကျောင်းသူလေး Darya ရဲ့ဗိုက်ထဲက ကိုယ်ဝန်ဟာ (၁၅)နှစ်အရွယ် ကောင်လေးရဲ့လက်ချက်ဖြစ်ကြောင်း ရဲတွေက ယုံကြည်ခဲ့ပါတယ်။ ကာယကံရှင်ကောင်လေးကိုတော့ ဆိုက်ဘေးရီးယား၊ Krasnoyarsk မှာ နေအိမ်အကျယ်ချုပ်နဲ့ ရဲက စစ်ဆေးနေကြောင်း ရုရှားရဲ့အကြီးဆုံးသတင်းစာဖြစ်တဲ့ Komsomolskaya Pravda က ဖော်ပြထားပါတယ်။

VK/EasttoWest

အဲဒီကောင်လေးရဲ့နာမည်ကိုတော့ Stepan လို့သာ  (အမည်ဝှက်) ဖော်ပြထားပါတယ်။ ရုရှားမှာ အသက်(၁၆)နှစ်ပြည့်မှ ဥပဒေအရ အရွယ်ရောက်ပြီးသူအဖြစ် သတ်မှတ်ကြောင်း သိရပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းနဲ့ပတ်သက်ပြီး ရဲဘက်တာဝန်ရှိသူတွေရော၊ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကရော အတည်ပြုခြင်းမရှိပေမယ့်၊ သတင်းတွေကတော့ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

Ivan ကို စမ်းသပ်ခဲ့တဲ့ဒေါက်တာကတော့ ဒီကောင်လေးဟာ ကလေးအဖေဖြစ်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ အရွယ်မရောက်သေးပါဘူးတဲ့။ လက်ရှိအချိန်မှာ အသက်(၁၄)နှစ်ကို ရောက်နေပြီဖြစ်တဲ့ Darya ကတော့ ဒီလူသိရှင်ကြား ပါးစပ်ဟောင်းလောင်း ဖြစ်ခဲ့မှုကြီးကြောင့် နေ့ချင်းညချင်း Influencer ဘဝကို တက်လှမ်းဖို့ ပြင်ဆင်နေပါတယ်။

သူမဟာ ဒီနာမည်ကြီးမှုကို အခွင့်ကောင်းယူပြီး အင်စတာဂရမ်မှာ ပရိသတ် (၈၉၀၀၀)အထိ စုဆောင်းထားနိုင်ခဲ့ပါတယ်။ တင်တဲ့ပို့စ်တိုင်းမှာလည်း Pregnant at 13 ဆိုတဲ့စကားလုံးကို Tag လေ့ရှိလို့ သူမ ဘယ်လိုခြေလှမ်းစလှမ်းနေပြီဆိုတာ မြင်သာစေနိုင်မှာပါ။ Darya ရဲ့မိခင် Elena မှာ ကင်ဆာခံစားနေရတယ်လို့လည်း ဆိုပါတယ်။

Elena ကတော့ သူမအနေနဲ့ မြေးချီရမယ့်အရေးတွေးပြီး လူ့လောကမှာ ဆက်ပြီးအသက်ရှင်ချင်တဲ့ အကြောင်းပြချက်ကို ရရှိသွားခဲ့ပြီလို့လည်း ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအခါမှာတော့ တကယ့် လက်သည်တရားခံလို့ယူဆရတဲ့ ကောင်လေးကို သက်ဆိုင်ရာက အသေးစိတ် စစ်ဆေးနေပြီလို့ ယူဆရပါတယ်။ မကြာမီမှာ ဒီထက်ပိုသေချာတဲ့ သတင်းတွေ ထပ်ပြီး ပေါ်လာဖို့ရှိပါတယ်။

လင်းဇော်ကို

SHARE