အိန္ဒိယမှာ လူကြည့်များနေတဲ့ ကျွမ်းထိုးပြီးကျောင်းတက်သွားကြတဲ့ ကလေးတွေရဲ့ ဗီဒီယိုဖိုင်

ရိုမေးနီးယားက ကမ္ဘာကျော် ကျွမ်းဘားကစားမယ် Nadia Comaneci ဟာ ကျွမ်းထိုး၊ နောက်ပြန်ခုန်ပြီး ကျောင်းသွားခဲ့တဲ့ ကလေးနှစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အွန်လိုင်းမှာ ရှဲခဲ့ပါတယ်။ Nadia Comaneci ဟာ အိုလံပစ် ရွှေတံဆိပ်(၅) ခုရ အားကစားမယ်တစ်ဦး ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့ ကျောင်းအသွားမှာ ကျွမ်းဘားလေ့ကျင့်ခန်းလုပ်သွားပုံက ထူးခြားနေတာကြောင့် သူမဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုကို ပြန်ရှဲခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် မမျှော်လင့်ပဲ သူမ ပြန်ရှဲခဲ့တဲ့ဗီဒီယိုက အွန်လိုင်းမှာ ပေါက်သွားမှာကိုတော့ Nadia  ကြိုတင်မမျှော်လင့်ခဲ့ပါဘူး။ ကျောင်းသွားရင်း ကျွမ်းဘားဆော့ခဲ့ကြတဲ့ ကလေးနှစ်ဦးဟာ အိန္ဒိယကဖြစ်ပြီး အသက် (၁၁) နှစ်အရွယ် ဂျာရှီကာခန်နဲ့ အသက် (၁၂) နှစ်အရွယ် မိုဟာမက်အာဇာဂျက်ဒင်တို့ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့နှစ်ဦးစလုံးကို အိန္ဒိယက နိုင်ငံ့ကိုယ်စားပြု ကျွမ်းဘားအားကစားမယ်တွေအဖြစ် လေ့ကျင့်သင်ကြားပေးဖို့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

 

Nadia ပြန်လည်မျှဝေခဲ့တဲ့ ဗီဒီယိုကို အိန္ဒိယအားကစားဝန်ကြီး Kiren Rijiju က တွေ့ရှိခဲ့ပြီး ကလေးနှစ်ယောက်နဲ့ တွေ့ဆုံဖို့ ဆန္ဒဖြစ်ခဲ့တာပါ။ ကလေးတွေရဲ့ နာမည်နဲ့ ကျောင်း၊ နေရပ်လိပ်စာတွေကို သိရှိအပြီးမှာတော့ ဒေသဆိုင်ရာ အားကစားဒါရိုက်တာဖြစ်သူ Manmeet Singh Goindi က ကလေးတွေကို သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

READ
ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေကို ရက်ရက်ရောရော အလှူပေးခဲ့ကြတဲ့ ဘီလီယံနာကြီးများ

 

“ကျွန်တော် ကလေးတွေနဲ့ တွေ့ပြီးပါပြီ။ သူတို့ကို သင်ကြားပေးမယ့်ဆရာတွေနဲ့လည်း တွေ့ပေးခဲ့ပြီးပါပြီ။ ကလေးတွေက တကယ်ပဲ ပါရမီပါကြပါတယ်။ အောင်မြင်ချင်စိတ်လည်း ရှိကြတယ်။ ကလေးတွေရဲ့ မိဘတွေနဲ့လည်း ကျွန်တော်စကားပြောဖြစ်ခဲ့ပါတယ်။ မိဘတွေက နိုင်ငံ့ကိုယ်စားပြုကျွမ်းဘားအားကစားဘက်မှာ ကလေးတွေကို အချိန်ပြည့်လေ့ကျင့်သင်ကြားပေးဖို့ သဘောတူကြတယ်။ ကလေးနှစ်ယောက်ကို ကျွန်တော်တို့က အစားအသောက်၊ နေထိုင်ဖို့အဆောင်၊ သူတို့အတွက် ပညာရေး စသဖြင့် အားလုံးကို ထောက်ပံ့ပေးမှာပါ။ အရည်အချင်းရှိတဲ့ ဆရာတွေနဲ့လည်း စနစ်တကျလေ့ကျင့်သင်ကြားပေးမှာပါ….” လို့ Goindi က ဆိုပါတယ်။

READ
မိသားစုကို ဆင်းရဲတွင်းက ဆွဲထုတ်ချင်လို့ အသည်းအသန် စာကြိုးစားနေတဲ့ လူငယ်လေး

ကလေးနှစ်ယောက်ကတော့ အရမ်းကို ပျော်ရွှင်နေကြပြီး နိုင်ငံ့ကိုယ်စားပြုကျွမ်းဘားအားကစားသမားတွေဖြစ်ဖို့ ဆန္ဒရှိနေကြပါတယ်။ ကျွမ်းဘားအားကစားမယ် Nadia ကတော့ မမျှော်လင့်ပဲ သူမရှဲလိုက်တဲ့ တွစ်ကနေတဆင့် ကလေးတွေက အခွင့်ကောင်းတစ်ရပ်နဲ့ကြုံကြိုက်ပြီး သူတို့ကို မြေတောင်မြှောက်ပေးမယ့် သူများနဲ့ တွေ့ဆုံရတာကြောင့် ၀မ်းသာမိကြောင်းလည်း ပြောသွားခဲ့တယ်လို့ insider သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE