BMW ကားလိုချင်လွန်းလို့ ဂွင်ဆင်ရာကနေ ရဲစခန်းရောက်သွားတဲ့အမျိုးသား

Weibo

တရုတ်နိုင်ငံက မော်တော်ကား အရောင်းပြခန်းတစ်ခုမှာ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ပြသထားတဲ့ ကားကို သော့နဲ့ အစင်းရာထင်အောင် တမင်ခြစ်ခဲ့တယ်လို့ သိရပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ ဒီကားကို ဖခင်ဖြစ်သူက မဖြစ်မနေ ဝယ်ပေးအောင်လို့ပါ။

ကားကတော့ တန်ဖိုးကြီးကားအမျိုးအစားထဲမှာပါဝင်ပြီး BMW တံဆိပ်လို့ သိရပါတယ်။ သူဟာ အသက်(၂၂)နှစ်ဆိုပေမယ့် ကလေးတွေလို မိဘတွေကို အကျပ်ကိုင်တဲ့နည်းနဲ့ အခုလို ဖန်တီးခဲ့တာပါ။ Showroom ဝန်ထမ်းတွေက ပြဿနာရှာတဲ့အခါ အဲဒီအမျိုးသားက စိတ်မပူဖို့ပြောပြီး၊ ဒီကားကို သူ ဝယ်မှာလို့ ဆိုပါတယ်။

Weibo

ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အခါမှာ အဲဒီအမျိုးသားက အခုလို ရှင်းပြပါတယ်။ သူရဲ့ဖခင်က သူ ယာဉ်မောင်းလိုင်စင် ရတဲ့အထိမ်းအမှတ်နဲ့ စီးလို့ကောင်းမယ့် ကားတစ်စီး ဝယ်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ ရှင်းပြခဲ့တာပါ။ ဒါပေမယ့် ဖခင်ဆီကို ဖုန်းခေါ်တဲ့အခါမှာ ဖုန်းထဲမှာ ဘာပြောသလဲဆိုတာ မသိရပေမယ့် သူက ဒေါသတကြီး ကားကို ထပ်ခြစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Jiangxi မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၅)ရက်က ဖြစ်ခဲ့တာပါ။ Ji Moubing လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက Ji ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ Ji ကတော့ သူ့ဖခင်က ကားဝယ်ပေးဖို့ ကတိပျက်ခဲ့လို့ အလွန်ဒေါသထွက်ပြီး အခုလို လုပ်မိတာလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။

Weibo

ဒီလို လုပ်ခြင်းအားဖြင့် သူ့အဖေအနေနဲ့ ကားကို မဖြစ်မနေ ဝယ်ပေးလိမ့်မယ်လို့ သူက ထင်မြင်ခဲ့ပါသတဲ့။ ဒါကြောင့် သူဟာ ကားကို ရည်ရွယ်ချက်ရှိရှိ သော့နဲ့ခြစ်ခဲ့ပြီး၊ တစ်ခု မေ့နေတာက ဒါဟာ သူ အိမ်မှာလို ဆိုးချင်တိုင်း ဆိုးလို့မရတဲ့နေရာဆိုတာပါဘဲ။

ဒါကြောင့် သူဟာ ရဲက ဖမ်းလိမ့်မယ်ဆိုတာ သူက တွက်မထားခဲ့ပါဘူး။ အခုတော့ သူဟာ ကားထိခိုက်မှုအတွက် လျှော်ပေးရလေမလား၊ ထောင်နန်းစံရလေမလား တိတိကျကျ မသိရသေးပါဘူး။ သေချာတာကတော့ သူရဲ့ ကလေးဆန်တဲ့လုပ်ရပ်က နေရာတိုင်းမှာ အရာမရောက်ဘူးဆိုတာပါ။

READ
ပုံပြင်ထဲကလို စိတ်ကူးယဉ်ဆန်ဆန် သစ်ပင်အိမ်လေး

လင်းသုတ

SHARE