
လူတိုင်းဟာ ရည်မှန်းချက်နဲ့ အိပ်မက်တွေ ကိုယ်စီရှိကြမှာပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေအတွက်တော့ အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝပေးအခြေအနေဟာ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ ကြီးမားတဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို မက်ခွင့်ရှိပါတယ်။ တစ်ကယ်လက်တွေ့ဘဝမှာ ဒါကို သက်သေပြသွားတဲ့လူငယ်လေးကတော့ Rehan Staton လို့အမည်ရတဲ့ လူငယ်လေးပဲ ဖြစ်ပါတယ်။ Rehan ဟာ အမှိုက်ကောက်သမားဘဝကနေ Havard တက္ကသိုလ်မှာ တက်ရောက်ခွင့်ရတဲ့ လူငယ်တစ်ယောက် ဖြစ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Rehan ရဲ့ အတိတ်ဟာ ငယ်စဉ်ကတည်းက ကြမ်းတမ်းခဲ့ရတာပါ။ Rehan ၈ နှစ်သား အရွယ်ဘဝကတည်းက မိခင်ဖြစ်သူဟာ Rehan ရယ်၊ Rehan ရဲ့ အကိုနဲ့ အဖေဖြစ်သူကို စွန့်ပစ်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Rehan ဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူရဲ့ မေတ္တာကို မရပဲ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အမှိုက်ကောက်သမားကြီးကတော့ သားဖြစ်သူနှစ်ယောက်လုံး လူလားမြောက်အောင် အဖက်ဖက်က လိုလေသေးမရှိအောင် ကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။

တစ်ခုရှိတာက Rehan ဟာ ငယ်စဉ်ကတည်းက စာအရမ်းတော်ပါတယ်။ အထက်တန်းကျောင်းပြီးတဲ့အချိန်မှာတောင် Rehan ဟာ သူတက်ခဲ့တဲ့ကျောင်းမှာပဲ အချိန်ပိုင်သင်တဲ့ ဆရာအဖြစ်လုပ်ကိုင်ခဲ့သလို မနက်ဖက်မှာလည်း သူ့ဖခင်ကြီးနဲ့အတူတူ အမှိုက်ကောက်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် Rehan ဟာ လက်ဝှေ့ထိုးရာမှာ အရမ်းတော်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ Rehan ဟာဘဝကို စာသင်လိုက်၊ လက်ဝှေ့ထိုးလိုက်နဲ့ပဲ ဖြတ်သန်းလာခဲ့ပြီး တစ်ရက်မှာတော့ လက်ဝှေ့ထိုးရင်းနဲ့ လက်မောင်းမှာ ဒဏ်ရာအကြီးအကျယ်ရခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ရပါတယ်။
Posted by Rehan Staton on Sunday, March 9, 2014
ဒါ့ကြောင့် ကျောင်းဆက်တက်ဖို့ စဉ်းစားခဲ့ပြီး တက္ကသိုလ်တွေမှာ ကျောင်းတက်ဖို့ စာတင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တက္ကသိုလ်တော်တော်များများက Rehan ကို လက်မခံခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဘော်ဒါတစ်ယောက်ရဲ့ ကောင်းမှုနဲ့ Bowie State University က ပါမောက္ခတစ်ယောက်နဲ့ တွေ့ဆုံခဲ့သလို အဆိုပါ တက္ကသိုလ်မှာ ဘွဲ့တစ်ခုရအောင် သင်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Rehan ဟာ သူ့ဘဝအကြောင်းကို အဲဒီပါမောက္ခဆရာကြီးကို ပြောပြတဲ့အချိန်မှာတော့ Rehan တက်ချင်တဲ့ ဥပဒေပညာရပ်ကို Havard တက္ကသိုလ်မှာ တက်နိုင်အောင် အဆိုပါ ပါမောက္ခဆရာကြီးက ကတိပေးခဲ့ပါတယ်။

ဒီလိုနဲ့ပဲ Rehan ဟာ Havard တက္ကသိုလ်မှာ တက်ရောက်သင်ကြားဖို့ စာတင်ခဲ့ပါတယ်။ Havard တက္ကသိုလ်က အကြောင်းကြားစာကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ စောင့်နေခဲ့ပြီး တစ်ဖက်မှာလည်း သူ့အဖေနဲ့ အမှိုက်ကောက်တဲ့အလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Rehan ဟာ Havard တက္ကသိုလ်က ပြန်ကြားစာကို ရရှိခဲ့သလို Havard တက္ကသိုလ်မှာတက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် Havard တက္ကသိုလ်တက်ဖို့အတွက် ငွေကြေးအလုံအလောက် မရှိခဲ့လို့ GoFundMe ဝက်ဘ်ဆိုက်မှာ အလှူခံခဲ့ပါတယ်။ ဒေါ်လာ ၇၅၀၀၀ လောက်ရရင် အဆင်ပြေနိုင်ပါတယ်လို့ ပို့စ်တင်ခဲ့ပေမယ့် ၁ ပတ်အတွင်းမှာ ဒေါ်လာ ၇၀၀၀၀ လောက်ရရှိခဲ့သလို လှူဒါန်းသူ အယောက်တစ်ထောင်ကျော် ရှိခဲ့ပါတယ်။ အခုနောက်ဆုံးသတင်းရတာကတော့ Rehan အတွက် လှူဒါန်းငွေဟာ ဒေါ်လာ ၉၀၀၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw