
အိန္ဒိယနိုင်ငံ၊ Haryana ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် Parveen Kaur လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ လူထုအကျိုးပြုလုပ်ငန်းတွေအတွက် အမျိုးသမီးစံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ Parveen ဟာ အသက် ၂၁ နှစ်အရွယ်ကတည်းက သူမကို မွေးဖွားခဲ့တဲ့ ရွာကလေးရဲ့ လူနေမှုအဆင့်အတန်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့ ကိစ္စတွေကို အဖက်ဖက်ကနေ ပြီးပြည့်စုံအောင် သူတစ်ယောက်တည်း လုပ်ပေးခဲ့တာဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Parvenn ရဲ့ ရွာကလေးကတော့ Haryana ပြည်နယ်ရှိ Kakrala-Kuchia လို့ အမည်ရတဲ့ ရွာကလေးတစ်ရွာဖြစ်ပြီး လူပေါင်း ၁,၂၀၀ ကျော်သာ နေထိုင်တဲ့ ရွာအသေးလေးတစ်ခုပဲ ဖြစ်ပါတယ်။ Parvenn ကို အဆိုပါရွာကလေးမှာ မွေးလာခဲ့ပေမယ့် ကျောင်းကိုတော့ မြို့ကျောင်းမှာ တက်ရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ Kurukshetra University မှာ အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ Kakrala-Kuchia ရွာရှိ ကျေးရွာလူကြီးတွေက Parven ရဲ့ ဖခင်အိမ်ကို ရောက်ရှိလာခဲ့ပြီး Parvenn ကို သူတို့ရွာရဲ့ အကြီးအကဲအဖြစ် တင်မြှောက်လိုကြောင်း၊ သူတို့ရွာကလေးအတွက် ဦးစီးဦးဆောင်လုပ်ပေးမယ့် ပညာတက်တစ်ယောက်လိုအပ်နေကြောင်း ရှင်းပြခဲ့ရာ နောက်ဆုံးမှာတော့ Parvenn တစ်ယောက် အသက် ၂၁ နှစ်အရွယ်မှာတင် Kakrala-Kuchai ရွာရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Parvenn ဟာ ပထမဦးဆုံးအနေနဲ့ ရွာထဲမှာ ရေတွင်းတူးတာတို့၊ လမ်းဖောက်တာတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွာရှိလူတွေဟာ သောက်သုံးရေ၊ ချိုးရေရဖို့အတွက် တော်တော်လေးဝေးလံတဲ့ နေရာမှာ ရေသွားသွားခပ်နေရတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရွာရှိ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ လုံခြုံမှုရှိအောင် ရွာလမ်းမကြီးတွေ၊ လမ်းကြားတွေထဲမှာ CCTV ကင်မရာတွေ တပ်ဆင်ခြင်း၊ လျှပ်စစ်မီးအချိန်ပြည့်ရရှိရေးအတွက် ဆိုလာပြားတွေ တပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကလေးတွေ ရဲ့ ပညာရေးအတွက်ဆိုရင်လည်း ရွာထဲမှာ စာကြည့်တိုက်ကြီးတစ်တိုက် ဖွင့်လှစ်ပေးတာတို့၊ ကလေးတွေကို Sanskrit ဘာသာစကားပြောနိုင်အောင် သင်ကြားပေးတာတို့၊ Sanskrit စကားပြော ဆရာဆရာမတွေကို ခေါ်ပေးတာတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Parvenn ကြောင့် ရွာလေးဟာ အချိန်ခဏလေးအတွင်းမှာတင် တိုးတက်ပြောင်းလဲနေတဲ့ ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
#TheGoodStuff | Parveen Kaur, #Haryana‘s youngest sarpanch speaks to NDTV’s @ShonakshiC. pic.twitter.com/IW14OCXu7k
— NDTV (@ndtv) September 18, 2020
Pyi Hein Kyaw