ဂက်စ်မီးခြစ်ကို မျိုချမိလိုက်တဲ့ အမျိုးသား၊ ဗိုက်ထဲမှာ ဂက်စ်တွေပေါက်လို့ ဒုက္ခရောက်

SCMP

တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ အရက်အတူတူ သောက်စဉ်မှာ ဂက်စ်မီးခြစ်တစ်လုံးကို ဗိုက်ထဲ မျိုချလိုက်မိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီလောက်ကြီးတဲ့ အရာဝတ္ထုမျိုးဟာ မတော်တဆသဘောမျိုးနဲ့တော့ ဗိုက်ထဲကို မရောက်လောက်ပါဘူး။ တစ်ယောက်ယောက်က မူးနေတုန်း မြှောက်ပေးခဲ့ပုံပါ။

ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ(၂၄)ရက်က ဖြစ်ခဲ့တာပါ။ သူဟာ ဗိုက်ထဲရောက်သွားတဲ့အရာ အိမ်သာတက်ရင် ပြန်ပါသွားလိမ့်မယ်လို့ အလွယ်တွေးခဲ့ပုံရပါတယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ဆေးခန်းမပြခဲ့ပါဘူး။ နောက်တစ်ရက်မှာ သူဟာ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး ဘီယာသွားသောက်ခဲ့ပါသေးတယ်။

christinarosepix / Shutterstock

နိုဝင်ဘာ(၂၇)ရက်မှာတော့ သူ မခံမရပ်နိုင်အောင် ဗိုက်နာလာခဲ့ပါတယ်။ နောက် မကြာခဏ အော့အန်နေပြီး၊ အတော်လေး နေမထိထိုင်မသာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဒေါက်တာတွေဆီကို သွားရောက်ပြသတဲ့အခါ မီးခြစ်ကနေ ထွက်တဲ့ဂက်စ်အနံ့ဟာ ပါးစပ်ကတစ်ဆင့် နံနေတယ်လို့ ဆိုပါတယ်။

ဒေါက်တာတွေက Gastroscope နဲ့ စစ်ဆေးကြည့်ရာ မီးခြစ်ရဲ့အစွန်းတစ်က ပျက်စီးနေပြီလို့ သိရပါတယ်။ မီးခြစ်ဟာ Gastric fluid နဲ့ ဝန်းရံနေပြီး၊ အဲဒီအမျိုးသားရဲ့ ဝမ်းဗိုက်တစ်စိတ်တစ်ဒေသက ပျက်စီးနေတာကိုပါ စစ်ဆေးနိုင်ခဲ့ပါတယ်။ အရင်ဆုံး ဇာဂနာနဲ့စမ်းကြည့်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

G3V/Shutterstock

အဲဒီနောက် Gastroscope ရှေ့ဖျားအစွန်းမှာ Net တစ်လုံးတပ်ဆင်ပြီး၊ မီးခြစ်ကို မိမိရရ ယူနိုင်ရေး ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနောက် မီးခြစ်ကို အံဝင်ဂွင်ကျ သယ်ယူနိုင်ရေးအတွက် အပြင်ကနေ လိုသလိုချိန်ညှိပြီး၊ အသာစွဲယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနည်းကတော့ အောင်မြင်ခဲ့ပါတယ်။

အခုလိုဖြစ်စဉ်ဟာ ရှားပါးလှတဲ့ ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ အခုအကြိမ်ဟာ အဲဒီဆေးရုံအတွက်တော့ ဒီလိုဖြစ်စဉ်မျိုးမှာ လေးကြိမ်မြောက် ကုသခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့အရာတွေကို ပါးစပ်ထဲကို မျိုချလိုက်တာဟာ မလိုအပ်တဲ့ ဆိုးကျိုးတွေ ခံစားရစေနိုင်ပါတယ်။ တစ်ခါတလေ အသက်အန္တရာယ်တောင် ဖြစ်စေနိုင်ပါတယ်။

လင်းသုတ

SHARE