သင့်ဘ၀အပေါ်အမြင်ပြောင်းလဲပေးနိုင်သော အရိုးရှင်းဆုံးနည်းလမ်း(၃)ခု

လူတစ်ကိုယ် ဘ၀တစ်ခုစီ ရှင်သန်နေကြပေမယ့် လူတိုင်းက လက်ရှိရောက်နေတဲ့ ကိုယ့်ဘ၀ကိုယ်ကျေနပ်နေကြတယ် လို့တော့ မရှိကြပါဘူး။ဘ၀ဆိုတာ ရှုပ်ထွေးတယ်၊ လှုပ်ရှားရုန်းကန်နေရတဲ့အတွက် အားလပ်ချိန်ရယ်လို့မရှိသလောက်ပဲ။ လူ့သက်တမ်းကလည်း တိုတဲ့ဘက်ကို တဖြည်းဖြည်းဦးတည်လာတဲ့အတွက် လူတွေမှာ အချိန်ပေါများမနေပါဘူး။ ဒါကြောင့် သင့်ဘ၀ကိုသင် အရှိအတိုင်းလက်ခံနိုင်အောင် လက်ရှိသင့်ဘ၀ရဲ့ရပ်တည်မှုအပေါ် အဆိုးမြင်နေ တာတွေကို ပြောင်း လဲပေးနိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခုပဲ ဘောလ်ပင်နဲ့ မှတ်စုစာအုပ်ယူပြီး အရိုးရှင်းဆုံးနည်းလမ်းသုံးခုကို ချရေးလိုက်ပါ။

ဘယ်အရာတွေက သင့်ကိုကျေနပ်စရာကောင်းစေလဲ

  • သင့်မှာပျော်ရွှင်စရာကောင်းတဲ့မိသားစုရှိတယ်။သူတို့နဲ့တူတူရယ်မောနိုင်တယ်။အကောင်းအဆိုးကိုသူတို့နဲ့တူတူမျှဝေခံစားနိုင်တယ်။
  • သင့်မှာချစ်စရာကောင်းတဲ့သားသမီးတွေရှိတယ်။သူတို့ရှိနေလို့ သင့်ရဲ့ဘ၀က ကျေနပ်ပျော်ရွှင်စရာကောင်းနေတယ်။
  • သင့်မှာ အလုပ်ကောင်းကောင်းတစ်ခုရှိနေတယ်။ဒါမှမဟုတ် သင်အလုပ်ကောင်းရဖို့ ကြိုးစားနေတယ်။
  • သင့်ရဲ့ အလုပ်ရှင်က မျှတစွာအုပ်ချုပ်တတ်တဲ့ လူကြီးကောင်းတစ်ယောက်ဖြစ်တယ်။
  • သင့်မှာ စုဆောင်းထားတဲ့ငွေကြေးအချို့ရှိတယ်။ဒါကြောင့် တော်တန်ရုံငွေကြေးအခက်အခဲလောက်ကို စိုးရိမ်စရာမရှိဘူး။
  • သင့်မှာ ချစ်စရာကောင်းတဲ့ ခင်ပွန်း/ဇနီးရှိတယ်။ အချို့လူတွေလိုပဲ သင်လည်း သင့်လက်တွဲဖော်ကြောင့်ပျော်ရွှင်ရတယ်။
  • သင် ဘွဲ့ကောင်းကောင်းရပြီးပြီ ဒါမှမဟုတ် သင့်လျော်တဲ့ အရည်အချင်းရှိတယ်။
  • သင့်မိဘနဲ့သင့်ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးမျိုးရှိတယ်။
  • သင့်မှာအကြိုက်ဆုံး ဂစ်တာ ဒါမှမဟုတ် ကင်မရာ၊ စသဖြင့် သင်စိတ်ညစ်တဲ့အခါ အပန်းဖြေစရာတစ်ခုခုရှိနေတယ်။
  • သင့်ဘ၀မှာ အမှတ်ရစရာလူတစ်ဦးဦးရှိခဲ့တယ်။(ဥပမာ-သင်မူလတန်းတုန်းက သေချာလေ့ကျင့် သွန်သင်ပေးခဲ့တဲ့ ဆရာ/ဆရာမ ကြောင့် သင်ဟာ ပညာရေးအခြေခံကောင်းတဲ့လူတစ်ယောက်ဖြစ်ခဲ့တာမျိုး ဒါမှမဟုတ် အဖေအမေမအားလို့ အဘွားရဲ့ထိန်းကျောင်းမှုနဲ့ပဲ ကြီးပြင်းခဲ့ရလို့ အဘွားက ကိုယ့်အတွက် အားကိုးစရာဖြစ်ခဲ့တာမျိုး စသဖြင့်…)
READ
ကမ္ဘာတစ်ဝှမ်းက စိတ်ကူးယဉ်ဆန်ဆန် လှပလွန်းတဲ့လမ်းများ

ဘယ်လိုအချက်တွေကြောင့် သင့်ရဲ့ လက်တွဲဖော်ကသင့်အတွက်ပြီးပြည့်စုံစေတာလဲ

(ယောက်ျားလေးအမြင်နဲ့ကြည့်ကြပါစို့)

  • ကျွန်တော်ဟာ ကျွန်တော့်ဇနီးကို ချစ်တယ်။ကျွန်တော့်ဇနီးမရှိဘဲ ကျွန်တော့်ဘ၀ရပ်တည်ဖို့ အဆင်မပြေနိုင်ဘူး။
  • ကျွန်တော်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် တာဝန်တွေခွဲဝေယူကြတယ်။သူမ အားလျော့တဲ့အချိန် ကျွန်တော်က လက်တွဲခေါ်သလို ကျွန်တော်အားလျော့တဲ့အချိန် သူမက ကျွန်တော့်ကို ကူညီဖေးမတယ်။
  • ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှတကြတယ်။ ကျွန်တော်တစ်ခုခု ပြောလိုက်တဲ့ အခါ ကျွန်တော့် ဇနီးက ကျွန်တော့်ကို နားလည်တယ်။
  • ကျွန်တော်တို့နှစ်ယောက် ရယ်မောနေကြတာကို တွေ့ရင် ကျွန်တော်တို့လိုပဲ တခြားလူတွေကိုပါ ပြုံးပျော်စေနိုင်တယ်။
  • သူမက ကျွန်တော့်ဇနီးပါ၊ ချစ်စရာကောင်းတဲ့ ကျွန်တော့်ရဲ့ ကောင်မလေးဖြစ်သလို တစ်ခါတရံ  အမေတစ်ယောက်လို ကျွန်တော့်ရဲ့ ဝေယျာဝစ္စတွေကို မငြီးမငြူလုပ်ပေးရှာတယ်။ သူမ မှာ လူသားဆန်မှုတွေ ကျွန်တော်ရှာတွေ့ခဲ့တယ်။
  • သူမဟာ အမှီအခိုကင်းတဲ့ မိန်းမတစ်ယောက် ဖြစ်သလို သူမအပေါ် ကျွန်တော် လေးစားမှုထားတယ်။
  • သူမကို ကျွန်တော့်အသက်ထက်ပိုချစ်တယ်။သူမကလည်း ကျွန်တော့်ကို လေးစားမှုထားသလို ကျွန်တော်တို့နှစ်ယောက် ဟာအပြန်အလှန်ယုံကြည်မှုတွေနဲ့ တန်ဖိုးထားကြတယ်။
  • သူမက ဥာဏ်ကောင်းတယ်။ကျွန်တော့်ဘ၀ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် အကြံဥာဏ်ကောင်းတွေပေး တယ်။
  • သူမကို ချစ်ရတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော်ကံကောင်းတယ်လို့ခံစားရတယ်။
  • ကျွန်တော်တို့နှစ်ယောက်ဟာ အကျိုးခံစားခွင့်တွေကို ခွဲတမ်းချနေမှာမဟုတ်ဘဲ ဘာပြသနာပဲရှိရှိ သက်ဆုံးတိုင်လက်တွဲသွားကြမယ်။
READ
အိုမင်းပြီဖြစ်တဲ့မိဘတွေအပေါ်မှာသားသမီးတို့ ထားရှိသင့်တဲ့သဘောထားများ

(……..စသဖြင့် အချက်တွေရှိနိုင်ပါသေးတယ်)

ဘယ်သူတွေက သင့်ကို ဦးစားပေးစဉ်းစားပေးလဲ

နေ့စဉ် တစ်စုံတစ်ယောက်ကတော့ သင့်ကို တခြားလူတွေထက် ဦးစားပေးစဉ်းစားပေးကြမှာပါ။ဘယ်လိုအကြောင်းအရာ နဲ့ပဲဖြစ်ပါစေ။(ဥပမာ- ခွဲခွာနေရတဲ့ သင့်မိသားစုက သင့်ကို သတိတရရှိနေတာမျိုး၊သင်စားနေကြ ခေါက်ဆွဲဆိုင်က ဆိုင်ရှင်က တခြားစားသုံးသူတွေထက် ပိုပြီး အရသာရှိရှိစီစဉ်ပေးတာမျိုး၊ သင့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က သင်အလုပ်လုပ်နေစဉ်ကော်ဖီဖျော်တိုက်တာမျိုး…..စသဖြင့် အကြောင်းအရာများစွာရှိနိုင်ပါတယ်)

သင့်အနေနဲ့  သင့်ကိုဦးစားပေးရွေးချယ်တဲ့ သူတွေ နေ့စဉ်နဲ့အမျှရှိနိုင်ပါတယ်။သင့်မှာ အနည်းဆုံး သုံးယောက်လောက် ရှိနေမယ်ဆိုရင်တောင် သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေပါပြီ။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ သင်သတိမထားမိဘဲ သမားရိုးကျ ရှိနေတဲ့အချက်လေးတွေဖြစ်ပါတယ်။ ဒီအချက်တွေကို အချိန်ကုန်ခံပြီး ဘာကြောင့်များချရေးနေရမလဲလို့ သင်တွေးကောင်းတွေးနိုင်ပေမယ့် ဒီအချက်တွေက ပဲသင့် ဘ၀ကိုအရှိအတိုင်းလက်ခံ ကျေနပ်နိုင်ဖို့ လုံလောက်နေပြီ ဆိုတာ သင်ငြင်းနိုင်မှာမဟုတ်တော့ပါဘူး။

သင့်ကို စိတ်ကျေနပ် ပျော်ရွှင်စေတဲ့အကြောင်းအရာတွေ သင့်မှာ ဒီထက်ပိုရှိနေဦးမှာပါ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE