အလေးချိန်(၃၁၇)ကီလိုဂရမ်ရှိ ရှားပါးဆူးတောင်ပြာ တူနာငါးကြီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ လူငယ်(၃)ဦး

YouTube/WGHP

ဆယ်ကျော်သက်လူငယ်လေး (၃)ယောက်ဟာ အလွန်ရှားပါးတဲ့ ဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ ဆူးတောင်ပြာတူနာငါးမျိးစိတ်ဟာ ငါးဈေးကွက်မှာ အလွန်ဈေးကောင်းရလေ့ရှိပါတယ်။ အခု ငါးကြီးကတော့ အလေးချိန် (၃၁၇)ကီလိုဂရမ် ဖြစ်ပါတယ်။

ပေါင်အားဖြင့်ဆိုရင် (၇၀၀)လောက် ရှိပါတယ်။ ငါးကို ဖမ်းဆီးနိုင်ခဲ့တဲ့ ကောင်လေးသုံးယောက်ကတော့ Portland, Maine မှ ဖြစ်ကြပြီး၊ ဒီငါးကြီးကိုရဖို့အတွက် သူတို့ဟာ အချိန်(၇)နာရီကြာ ကြိုးစားခဲ့ရပါတယ်။ ငါးကြီးဟာ မျှားချိတ်မှာ မိထားလျှက်သားအနေအထားနဲ့ (၁၆)ကီလိုမီတာအထိ ကောင်လေးတွေရဲ့ စက်လှေကို ဆွဲခေါ်သွားတာပါ။

YouTube/WGHP

 ကိုယ်တိုင်ဖမ်းဆီးခဲ့တဲ့ Wyatt Morse က CNN သတင်းစာနဲ့ တွေ့ဆုံစဉ်မှာ သူတို့ဟာ အဲဒီငါးကို ကမ်းရိုးတန်းနဲ့ (၆၄)ကီလိုမီတာအဝေးမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ သူက “ ဒီငါးကြီးကို ကြိုးနဲ့မျှောခေါ်နေတဲ့ (၆)နာရီလောက်အတွင်း ဘယ်လိုဘယ်ဝါဆိုတာ မမြင်ခဲ့ရဘူး … သူက ရေအနက် (၃၀၀)ပေလောက်မှာ ရုန်းရင်းကန်ရင်း လှည့်ပြေးနေတာလေ … ကျွန်တော်တို့နဲ့ မလိုက်ချင်ဘူး တူပါတယ် ”လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး “ ဒီငါးတွေက ဒီလိုပဲ …သိပ်ကို သန်မာကြတယ် … တကယ် မယုံနိုင်အောင်ပါပဲ … ကျွန်တော်ကလည်း ငါးဖမ်းလာတဲ့ အတွေ့အကြုံက ရှိတော့ ဘယ်လို လုပ်ရမလဲဆိုတာ သိပါတယ် … ”လို့ ပြောခဲ့ပါတယ်။ သူတို့ဟာ ဇူလိုင်(၁)ရက်နေ့က ဒီငါးကြီးကို ဖမ်းမိခဲ့တာပါ။

Griffin Buckwalter က စက်လှေပဲ့ထိန်းနေရတော့ Martin Scanlan နဲ့ Morse က ငါးမျှားရစ်ဘီးကို တစ်ယောက်တစ်လှည့်ဆီ ခက်ခက်ခဲခဲ ထိန်းခဲ့ရပါတယ်။ (၇)နာရီလောက် ငါးကြီးနဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ပြီး၊ နောက်ဆုံး လှေပေါ်ကို အရောက်ဆွဲတင်နိုင်ခဲ့ပါတယ်။ အဲဒီငါးကြီးကို ပွဲစားကုမ္ပဏီထံ ဒေါ်လာ(၂၀၀၀)နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

လင်းသူရိန်

SHARE