ကိုရီးယားရုပ်ရှင်လောကကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့တဲ့ ဂန္တ၀င်ရုပ်ရှင်ကား(၅)ကား

YouTube/TraintoBusan

ဒီနှစ် အော်စကာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ တောင်ကိုရီးယားရုပ်ရှင်ကားဖြစ်တဲ့ Parasite ရုပ်ရှင်ဟာ အကောင်းဆုံး ရုပ်ရှင်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုတို့အပြင် အခြား ဆုတွေကိုလည်း သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ လူတန်းစားမညီမျှမှုကြားက ပြဿနာတစ်ခုကို တင်ဆက်မှုပုံစံအသစ်တစ်မျိုးနဲ့ ရိုက်ပြသွားခဲ့တဲ့ တောင်ကိုရီးယားဒါရိုက်တာ Bong Joon-ho ရဲ့ လက်ရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း ဂျပန်စာရေးဆရာ ဟာရူကီမူရာကာမိရဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ Burning ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ရှိပါတယ်။ Burning ရုပ်ရှင်ဟာ တောင်ကိုရီးယားဒါရိုက်တာ Lee Chang-dong ရိုက်ကူးခဲ့ပြီး ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ကားပါ။ တစ်ဖက်မှာလည်း ရှည်လျားတဲ့ ဒရမ်မာစီးရီးတွေ ရိုက်ကူးနေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်ရှင်ဖန်တီးမှုတစ်ခုလည်း ရှိနေပါသေးတယ်။ ဒါပေမယ့် ကမ္ဘာက အသိအမှတ်ပြုရတဲ့ ဒရမ်မာစစ်စစ်ရုပ်ရှင်ကားကောင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်။ အဲဒီထဲကမှ ရုပ်ရှင်ကားငါးကားကို ဖော်ပြလိုက်ပါတယ်။

  • Parasite 

Parasite ရုပ်ရှင်ဟာ ဒါရိုက်တာ Bong Joon-ho ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဒါရိုက်တာ Bong Joon-ho ဟာ Parasite ရုပ်ရှင်မတိုင်မီကတည်းက Snowpiercer၊ Memories of Murder အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖန်တီးနိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုထဲကို ဆင်းရဲတဲ့ မိသားစုတစ်စုက မမျှော်လင့်ဘဲ ရောက်ရှိသွားတာက အစပြုပြီး အိမ်တွင်းပဋိပက္ခဖြစ်ရပ်ကိုဦးတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။ Parasite ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံက ရိုက်ကူးတဲ့ ရုပ်ရှင်ကားတစ်ကားဆိုပေမယ့်လည်း ကမ္ဘာကပေးတဲ့ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ။

  • Burning
READ
David Beckhamကို ပြန်မတောင်းပန်တာကြောင့် ဝေဖန်ခံနေရတဲ့ YG Entertainment

Best Seller ဂျပန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဟာရူကီမူရာကာမိရဲ့ ဝတ္ထုတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဂျပန်စာရေးဆရာရဲ့ ဝတ္ထုလက်ရာဆိုပေမယ့်လည်း ရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံက ဒါရိုက်တာ၊ တောင်ကိုရီးယားက သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတာဖြစ်လို့ တောင်ကိုရီးယား ရုပ်ရှင်ကားတစ်ကားပါပဲ။ Burning ရိုက်တဲ့ ဒါရိုက်တာ Lee Chang-dong ကလည်း Secret Sunshine၊ Poetry 2010 ၊ Peppermint Candyတို့လို ဒရမ်မာကားကောင်းတွေကို ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ပါ။

  • Take Care of My Cat

တောင်ကိုရီးယား အမျိုးသမီးဒါရိုက်တာ Jeong Jae-eun ရဲ့ လက်ရာတစ်ခုပါ။ ကျောင်းအတူတက်စဉ်တုန်းက တတွဲတွဲနေခဲ့ကြတဲ့ အမျိုးသမီးသူငယ်ချင်းငါးယောက်တို့ ကျောင်းပြီးသွားချိန် လက်တွေ့ဘဝထဲ ရောက်ရှိချိန်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာ Jeong Jae-eun ဟာ ၂၀၁၇ မှာတော့ Butterfly Sleep ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားကို ရိုက်ခဲ့ပါသေးတယ်။ Butterfly Sleep ဟာ အသက်ကြီးကြီးအချစ်ဝတ္ထုရေးတဲ့ စာရေးဆရာမတစ်ယောက် ငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိတဲ့ အကြောင်းပါ။

  • Sympathy for Mr. Vengeance
READ
ဟော်ကီပြိုင်ပွဲကို အတူတူလာရောက်ကြည့်ရှုခဲ့ကြတဲ့ Justin နဲ့ Hailey တို့ဇနီးမောင်နှံ

ဒါရိုက်တာ Park Chan-wook ရဲ့ လက်ရာတစ်ခုပါ။ ဒါရိုက်တာ Park Chan-wook ကို လူသိပ်မသိကြပေမယ့် သူရိုက်တဲ့ Old Boy ဆိုတဲ့ ရုပ်ရှင်ကားတော့ သိကြမှာပါ။ Old Boy ဟာ တောင်ကိုရီးယားနိုင်ငံက ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး သိပ်မကြာခင်ပဲ ဟောလိဝုဒ်ကနေ Old Boy ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့တဲ့ အထိအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပါ။ Sympathy for Mr. Vengeanceဟာ ရာဇဝတ်မှုနောက်ခံ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Train to Busan

Train to Busan ရုပ်ရှင်ကတော့ မြန်မာပြည်က လူတွေနဲ့ ရင်းနှီးနေမယ့် ရုပ်ရှင်ကားတစ်ကားပါ။ ဘူစန်ကို သွားမယ့် ရထားပေါ်မှာ  ဇွန်ဘီအကောင်တွေနဲ့ တိုက်ခတ်ရတာကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပြီး ရထားတစ်စင်းပေါ်မှာ ဇာတ်အိမ်ကို တည်သွားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Yeon Sang-hoရဲ့ လက်ရာဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ Train to Busan ရုပ်ရှင်ရဲ့ အဆက်ရုပ်ရှင်ဖြစ်တဲ့ Peninsula ဆိုတဲ့ ရုပ်ရှင်ထွက်ရှိလာဖို့ရှိပါတယ်။

 

Ye Yint Kyaw

SHARE