ကမ္ဘာ့ ကြောက်စရာအကောင်းဆုံးနဲ့ အပြင်းဆုံး အဆိပ် (၅) မျိုး

အသက်အန္တရာယ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးအဆိပ်တွေဟာ သဘာဝတရားကြီးထဲက ရပါတယ်။ သဘာဝက ရတဲ့ အဆိပ်တွေအပြင် လူသားတွေ ထုတ်လုပ်တဲ့ အဆိပ်ပစ္စည်းတွေလည်း ရှိပါတယ်။ ဆိုက်ယာနိုက်ဒ်နဲ့ အာဆင်းနစ်လို အဆိပ်ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့တော့ စာဖတ်သူတွေ ရင်းနှီးကြမယ်ထင်ပါတယ်။ အဆိပ်တစ်မျိုးရဲ့ အာနိသင်ကို သူ့ထဲမှာ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့ တွက်ချက်သတ်မှတ်ပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာပေါ်က အပြင်းဆုံးအဆိပ်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Ricin

Wikimedia Commons

သိပ္ပံအခေါ် Ricinus communis အမည်ရတဲ့ ကြက်ဆူပင်က ရတဲ့ အစေ့ဟာ အဆိပ်ရှိပါတယ်။ အစေ့တွေကို ကြိတ်လိုက်ရင် ထွက်လာတဲ့အမှုန့်တွေက စားပွဲတင်ဆားနဲ့ တူပါတယ်။ တကယ်လို့ စားမိရင် အစာအိမ်ထဲရောက်တဲ့အခါ အဆိပ်အာနိသင်က အနည်းငယ် အားပျော့သွားပေမယ့် အသက်ရှင်၊ မရှင်ကို အာမ, မခံနိုင်ပါဘူး။ ဘူဂေးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူ ဂေါ်ဂီမာကော့ဗ်ကို လုပ်ကြံစဉ်တုန်းကတော့ ၄င်းအစေ့မှုန့်တွေကို ကျည်သီးပုံစံလုံးပြီး ပေါင်ကို ပစ်ခတ်ခဲ့ရာမှာ ဂေါ်ဂီဟာ သုံးရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ၄င်းအဆိပ်သီး ထိမှန်စဉ်မှာ ဂေါ်ဂီဟာ သူ့ကို ထီးထိပ်ဖျားနဲ့ ရိုက်မိသလိုသာ ခံစားခဲ့ရကြောင်း မသေဆုံးခင် ပြောပြခဲ့ပါတယ်။

READ
ရုရှားနိုင်ငံက အနုပညာလက်ရာမြောက်ပြီး လှပလွန်းတဲ့ မြေအောက်ဘူတာရုံများ

VX

Hollywood Pictures

(၁၉၅၀) ခုနှစ်တွေဆီက ဗြိတိန်ဓာတုပညာရှင်တွေ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ အဆိပ်တစ်မျိုးပါ။ အင်ဂျင်ဆီနဲ့ တူပြီး အဆိပ်မိတဲ့အခါ ခန္ဓာကိုယ်ထဲက အာရုံကြောတွေ အလုပ်မလုပ်တော့ပါဘူး။ Acetylcholinesterase ခေါ်တဲ့ အင်ဇိုင်းရဲ့ လုပ်ဆောင်နိုင်စွမ်းရည်တွေကို အနှောင့်အယှက်ပေးပါတယ်။ VX အဆိပ်သင့်တဲ့အခါ တက်ပြီး ၀က်ရူးပြန်ရာကနေ နောက်ဆုံးမှာ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားမှာဖြစ်ပါတယ်။

Batrachotoxin

Wikimedia Commons

အဆိပ်လူးပြောင်းတွေကို အသုံးပြုတာနဲ့ ပတ်သက်လို့ တောင်အမေရိကလူမျိုးတွေဟာ ထင်ရှားပါတယ်။ သူတို့တွေက ပြောင်းမှာလူးတဲ့ အဆိပ်တွေကို Phyllobates terribilis ခေါ်တဲ့ ဖားငယ်တစ်ကောင်ရဲ့ အရေပြားကနေ ရပါတယ်။ ဖားအရေခွံက ရတဲ့ အဆိပ်ကိုတော့ Batrachotoxin လို့ ခေါ်ပါတယ်။ ၄င်းအဆိပ်က ခန္ဓာကိုယ်ထဲက ဆိုဒီယမ်အိုင်ယွန်တွေကို တားဆီးပိတ်ပင်တာပါ။ ဆိုဒီယမ်အိုင်ယွန်တွေက နှလုံးအတွက် အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးတာကြောင့် အဆိပ်မိခဲ့ရင် နှလုံးဆက်ပြီး မခုန်နိုင်တော့ပါဘူး။ ထူးခြားတာတစ်ခုက Phyllobates terribilis ဖားတွေကို စနစ်တကျမွေးပြီး သုတေသန ပြုတဲ့အခါ သူတို့အရေပြားမှာ Batrachotoxin အဆိပ်ကို မတွေ့ရတော့ပါဘူး။ သဘာဝအတိုင်း လှည့်လည်ကျက်စားပြီး နေထိုင်ကြတဲ့ ဖားငယ်တွေမှာသာ ၄င်းအဆိပ်ကို တွေ့ရတာကြောင့် သူတို့စားတဲ့အစာတစ်ခုခုကြောင့် အဆိပ်ထွက်လာတယ်လို့ ယူဆရပါတယ်။

READ
ဟစ်တလာရဲ့ နောက်ကွယ်က လူသိပ်မသိကြသေးတဲ့ အချက် (၁၀) ချက်အကြောင်း

Maitotoxin

Flickr

ပင်လယ်လှေး အမျိုးအစားတစ်မျိုးဖြစ်တဲ့ dinoflagellate ကနေ ထွက်လာတဲ့ အဆိပ်ပါ။ ၄င်းလှေးအမျိုးအစားကို အခွံမာ ပင်လယ်ရေနေသတ္တ၀ါတွေကလည်း စားသုံးကြပါတယ်။ လူတွေကတော့ ၄င်းအဆိပ်ရှိတဲ့လှေးကို စားမိထားတဲ့ ပင်လယ်သတ္တ၀ါတွေကို စားသုံးမိတဲ့အခါ အဆိပ်မိတတ်ပါတယ်။

Botulinum toxin

Wikimedia Commons

BTX လို့လည်း သိကြပါတယ်။ BTX ကို Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လုပ်ထားပါတယ်။ BTX အဆိပ်တွေဟာ အမျိုးအစားပေါင်း များစွာရှိပါတယ်။ ဒါပေမယ့် Type A BTX ကတော့ အဆိပ်အပြင်းဆုံးဖြစ်ပြီး လူတွေအနေနဲ့ အစာအဆိပ်သင့်တဲ့အခါမျိုးမှာ ဒီအဆိပ်မျိုး တွေ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အသက်အန္တရာယ်မရှိတဲ့ BTX အဆိပ်တစ်မျိုးကိုတော့ အခုအခါ Botox ထိုးသွင်းရာမှာ အသုံးပြုလာနေပြီလို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE