ပလုံးကောက်ပြီး ကလေးတွေကို ပညာကောင်းကောင်းသင်ပေးနေတဲ့ အမျိုးသမီး

Twitter/Sinar Harian

လူတွေစွန့်ပစ်ထားတဲ့ ပစ္စည်းအဟောင်းအမြင်းတွေကို ကောက်ယူပြီး အသက်မွေးရတဲ့ အမှိုက်ကောက်အလုပ်ကို ညစ်ပတ်တယ်၊ အသရေမရှိဘူးလို့ လူအများစုက ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ နိမ့်ကျတယ် ဆိုပါစေ၊ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျစေလောက်တဲ့ အလုပ်မျိုးမဟုတ်တဲ့အတွက် ရိုးရိုးသားသားနဲ့ ရှာစားတယ်လို့ ဆိုနိုင်ပါတယ်။

မလေးရှားနိုင်ငံက အမျိုးသမီးကြီးတစ်ဦးကတော့ သူတစ်ပါးအထင်အမြင်သေးခံရတဲ့ ဒီအမှိုက်ကောက်အလုပ်ကိုပဲ နှစ်ရှည်လများ လုပ်ကိုင်ပြီး သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ပျိုးထောင်ခဲ့ပါတယ်။ Worldofbuzz မှာ ဖတ်ရတာကတော့ အမျိုးသမီးကြီးဟာ အသက် (၅၄) နှစ်ရှိပါပြီ။ သူမနာမည်က ရာဟီမာဒိုလာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ရန်တိုပန်ဂျန်ကပါ။

Twitter/Sinar Harian

ရာဟီမာက သူများတွေ အသုံးမလိုလို့ လွှင့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးခွံ၊ ရေဘူးခွံတွေနဲ့ အခြားပစ္စည်း အတိုအထွာလေးတွေကို (၂၀၀၃) ခုနှစ်တည်းက လိုက်ကောက်ခဲ့တာပါ။ သူမမှာ ကလေး (၃) ယောက်ရှိပါတယ်။ ရာဟီမာဟာ မုဆိုးမတစ်ယောက် ဖြစ်ပါတယ်။ Single mother အဖြစ်နဲ့ ကလေး (၃) ယောက်စလုံးကို ကျွေးမွေးပြီး ကျောင်းထားပေးခဲ့တာပါ။ ရာဟီမာကတော့ သူမရဲ့ အလုပ်ကို လှောင်ပြောင်တဲ့သူတွေ ရှိခဲ့ပေမယ့် သားသမီးတွေရဲ့ မျက်နှာနဲ့ ဘ၀ကို ရှေ့ဆက်တိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

READ
တစ်သက်လုံး ထိုင်စားလို့မကုန်တဲ့ ငွေတွေစုမိခဲ့လို့ (၂၄) နှစ်မှာပဲ အငြိမ်းစားယူခဲ့တဲ့သူ
Twitter/Sinar Harian

ရာဟီမာရဲ့ ကလေးတွေကလည်း သိတတ်တဲ့ ကလေးတွေလို့ ဆိုရမလားပါပဲ။ ကျောင်းစာမှာ ထူးချွန်ကြတဲ့ ကလေးတွေပါ။ မိသားစုအကြောင်းနဲ့ ပတ်သက်လို့တော့ ရာဟီမာက အခုလို ပြောပြပါတယ်။ “ကျွန်မ အမျိုးသား ရှိစဉ်တုန်းကတော့  ရွာမှာပဲ လုပ်ကိုင်စားသောက်ကြတာပေါ့။ ကလေးတွေသောက်ဖို့ နို့လေးတစ်ခွက်ဝယ်ဖို့တောင် ကျွန်မတို့ ဒုက္ခရောက်ကြရတယ်။ အမျိုးသားက ရှာတော့ရှာပေမယ့် တစ်မိသားစုလုံးအတွက်တော့ မလောက်ငှဘူး။ အဲ့ဒီကတည်းက ကျွန်မက ဘူးဟောင်းပုလင်းဟောင်းတွေကို လိုက်ကောက်ပြီး ရောင်းစားရပါတယ်။ (၂၀၁၀) လောက်ကျတော့ အမျိုးသားက သိုင်းရွိုက်ကင်ဆာနဲ့ ဆုံးသွားတယ်။ သူဆုံးပြီးတဲ့နောက်တော့ ကျွန်မပဲ ဦးဆောင်ပြီး ကလေးတွေကို ကြီးပြင်းအောင် မွေးလာရတာပေါ့။ သူတို့လေးတွေကိုလည်း ကျောင်းပို့ဖို့ အလုပ်ကြိုးစားလုပ်ရပါတယ်…”

Twitter/Sinar Harian

အခုဆိုရင် ရာဟီမာရဲ့ ကြိုးစားမှုဟာ အသီးအပွင့်တွေ ဝေဆာလာနေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ သားအကြီးဆုံးဟာဆိုရင် အခုဆို အသက် (၂၅) နှစ်ရှိပြီး ကွာလာလမ်ပူတက္ကသိုလ်မှာ စက်မှုဘာသာရပ်ကို လေ့လာသင်ယူနေပါတယ်။ အသက် (၁၈) နှစ်အရွယ် အလတ်မလေးကတော့ အမှတ်ကောင်းတဲ့အတွက် တက္ကသိုလ်ဝင်တန်း A-Levels အတွက် ကြိုးစားရင်း ကောလိပ်တက်နေတယ်လို့ သိရပါတယ်။ မကြာခင်မှာတော့ ရာဟီမာတစ်ယောက် အမှိုက်ကောက်တဲ့အလုပ်ကနေ အနားရပြီး သားသမီးတွေရဲ့ တစ်လှည့်ပြန်လည်စောင့်ရှောက်မှုကို စံစားရဖို့ မျှော်လင့်ရပါတော့တယ်။

READ
အသက် (၇၉)နှစ်အရွယ်မှာတောင် ယုံကြည်မှုရှိရှိနဲ့ မော်ဒယ်လုပ်နေတဲ့အမျိုးသမီးကြီး

လင်းလင်း (ShweMom)

SHARE