အိမ်ရာမဲ့ဘ၀ကနေ နာမည်ကျော် ဧည့်လမ်းညွှန်ဖြစ်လာခဲ့တဲ့ (၆၈) နှစ်အရွယ် ရုရှားအဖိုးအို

ရုရှားနိုင်ငံရဲ့ ဒုတိယမြို့တော်ကြီးဖြစ်တဲ့ စိန့်ပီတာစဘာ့ဂ်ဟာ ခမ်းနားဝင့်ထည်မှုနဲ့ ရက်စက်ဆင်းရဲမှုတို့ ရောပြွန်းနေရာ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ အစွန်းနှစ်ဖက်ကြားမှာရှိတဲ့ ဒီမြို့ကြီးထဲ နေထိုင်သူတွေထဲမှာတော့ အသက်(၇၀) ပြည့်လုနီး အဖိုးကြီးတစ်ယောက်လည်း ပါဝင်ပါတယ်။ သူ့နာမည်က ဗီယာချက်စ်လာ့ဗ် ရက်စ်နာပါ။ ရက်စ်နာဟာ အိမ်ခြေရာမဲ့တစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အခုဆိုရင် နာမည်ကျော်ဧည့်လမ်းညွှန်တစ်ဦး ဖြစ်လာခဲ့ကြောင်း nytimes သတင်းဌာနအရ သိရှိရပါတယ်။

DMITRI LOVETSKY

ဆွတ်ဆွတ်ဖြူနေပြီဖြစ်တဲ့ မုတ်ဆိတ်တွေရယ်၊ ပွယောင်းယောင်းနဲ့ ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်တွေက စိန့်ပီတာစဘာ့ဂ်ရဲ့ လူနေမှုအဆင့်အတန်းမှာ ခပ်နိမ့်နိမ့်ထဲ ရောက်နေတာကို ပြဆိုနေပါတယ်။ အဖိုးအို ရက်စ်နာရဲ့ အပြင်ပန်းအသွင်အပြင်က သူလိုငါလို သာမန်ပဲထင်ရပေမယ့်လည်း သူ့ရဲ့ပညာဥာဏ်ကြွယ်ဝနဲ့ ဇာတိမွေးရပ်မြေအပေါ် ချစ်မြတ်နိုးမှုတွေဟာ သူ့ကို အရောင်အ၀ါထွန်းပေးထားလျက် ရှိပါတယ်။

ရက်စ်နာဟာ မြို့လယ်က အက်ဒ်မိုင်ရယ်တိုင်စ်ကာရာ မြေအောက်ဘူတာရုံကို တစ်နေ့သုံးကြိမ်လောက် လာလေ့ရှိပါတယ်။ မနက်ခင်း(၉) နာရီ တစ်ချိန်၊ နေ့လည်ခင်းတစ်ချိန်နဲ့ ညနေ(၃) နာရီအချိန်တွေဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ရက်စ်နာဟာ သူ့ဧည့်သည်တွေကို လာစောင့်တာ ဖြစ်ပါတယ်။ ရက်စ်နာက ဧည့်လမ်းညွှန်တစ်ယောက် ဖြစ်ပါတယ်။

READ
သူငယ်ချင်းအဓမ္မကျင့်ခံနေရသည့် ဗွီဒီယိုကို အွန်လိုင်းပေါ်မှာ Live လွှင့်ခဲ့သည့် ကောင်မလေး
DMITRI LOVETSKY

ဧည့်သည်တွေ အကုန်စုံပြီဆိုရင် (များသောအားဖြင့် တစ်ခေါက်မှာ လူအယောက် ၃၀ ခန့်ရှိ) ရက်စ်နာဟာ မြို့ရဲ့ အဓိကနေရာတွေကို လိုက်ပြလေ့ရှိပါတယ်။ ရက်စ်နာရဲ့ ဧည့်သည်တွေအနေနဲ့ ငယ်ရွယ်ပြီး သွက်လက်တဲ့ ဧည့်လမ်းညွှန်တွေကို မရွေးပဲ ဘာကြောင့် ရက်စ်နာကို ရွေးရသလဲဆိုတော့ ရက်စ်နာဟာ ဧည့်လမ်းညွှန်လိုက်တဲ့အခါ ဧည့်သည်တွေကို ကြက်တူရွေးနှုတ်တိုက် စကားပြောရှင်းပြတာ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းလှတဲ့ ဘ၀ဇာတ်ကြောင်းကိုပါ ပြန်ပြောင်းပြောပြတာ ဖြစ်ပါတယ်။ ရက်စ်နာရဲ့ ဧည့်သည်အများစုကလည်း မြို့ရဲ့ အထင်အရနေရာတွေကို လိုက်လည်တာထက်စာရင် အဖိုးအိုရဲ့ ဘ၀ဇာတ်ကြောင်း၊ ပညာတတ်ဖြစ်ပေမယ့် အိမ်ခြေရာမဲ့ဘ၀မှာ ကိုယ့်ဝမ်းစာ ကိုယ်ရှာရင်း ဖြတ်သန်းနေရတဲ့ ဘ၀အကြောင်းစုံတွေကို နားထောင်ချင်တဲ့အတွက်ကြောင့် ရက်စ်နာဆီ လာတာ ဖြစ်ပါတယ်။

DMITRI LOVETSKY

ရက်စ်နာဟာ အရင်တုန်းက ပထ၀ီဝင်နဲ့ ဇီဝဗေဒ ဘာသာရပ်တွေကို သင်ပြရတဲ့ ကျောင်းဆရာဖြစ်ပါတယ်။ တစ်သက်လုံး ကျောင်းဆရာအလုပ်နဲ့ အေးအေးဆေးဆေး နေလာခဲ့ရာမှာ သူ့ခမျာ အသက်(၅၇) နှစ်ရောက်ကာမှ အိမ်ခြံမြေစီမံချက်တစ်ခုထဲ သူ့အိမ်နဲ့ ငြိပြီး အိမ်ထိုးပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ လူမရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဟောင်းလေးတစ်ခုထဲမှာ နေပြီး ဧည့်လမ်းညွှန်အလုပ်လုပ်ကာ ဘ၀ကို ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။ ရက်စ်နာရဲ့ဧည့်သည်တစ်ဦးကတော့ အခုလို စကားပြောဆိုပါတယ်။ သူပြောတဲ့စကားလေးကလည်း မှတ်သားစရာပါပဲ။

READ
၁၈၀-ဒီကရီအထိတွဲလောင်းကျနေတဲ့ဇက်ကို ခွဲစိတ်ခွင့်ရခဲ့ပြီဖြစ်တဲ့ ကောင်လေး

“ကျွန်တော် ဒီဦးလေးအတွက် ဂုဏ်ယူမိတယ်။ ဦးလေးက ကျွန်တော်တို့တွေအတွက် အတုယူထိုက်တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ အသက်ကြီးပြီဆိုပေမယ့် သူများဆီ လက်ဖြန့်တောင်းပြီး လွယ်လွယ်ရတဲ့ ပိုက်ဆံကို မယူဘူး။ သူ ဧည့်လမ်းညွှန်လုပ်တယ်။ သူရဲ့ အဖိုးတန် ဗဟုသုတတွေကို တခြားသူတွေဆီ ဝေမျှတယ်။ အသိဥာဏ်ဝေမျှခြင်းအားဖြင့် သူ့ဝမ်းရေးကို သူဖန်တီးတယ်။ သူပြောပြတဲ့ အကြောင်းအရာတွေက သူ့ကိုယ်တွေ့တွေချည်းပဲမို့ ကျွန်တော်တော့ ပညာတော်တော်ရလိုက်တယ်။ နောက်ပြီး အတက်အကျမြန်ပြီး ကံကြမ္မာရဲ့ မတည်မြဲတဲ့ သဘောကိုလည်း သိခဲ့ရတယ်….” လို့ ၄င်းဧည့်သည်က ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE