ညသန်းခေါင်မီးလောင်မှုမှာ သူငယ်ချင်း မိသားစုအသက်ကို ကယ်ခဲ့တဲ့ (၇)နှစ်သားလေး

Twitter / tiempo

အသက်(၇)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ သူတို့ရပ်ကွက် မီးလောင်မှုအတွင်းမှာ အိမ်နီးနားချင်းတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဟာ လော့စ်အင်ဂျလိစ်၊ Porter Ranch ရပ်ကွက်အတွင်းမှာ ဖြစ်ခဲ့တာပါ။ ကလေးရဲ့အမည်ကတော့ Nathan Wang ဖြစ်ပါတယ်။

အောက်တိုဘာလ (၁၀)ရက် သန်းခေါင်ယံ၊ သူတို့တစ်ရပ်ကွက်လုံး အိပ်မောကျနေစဉ်မှာ အနီးအနားမှာ မီးလောင်လို့ မိခင်က သူ့ကို အရင်နှိုးခဲ့တာပါ။ Wang ဟာ အိပ်ရာက နိုးနိုးချင်း သတိရတာကတော့ သူ့အချစ်ဆုံးသူငယ်ချင်း Liam ပါ။ သူတို့မိသားစု ဘေးမှကင်းရဲ့လားလို့ စိုးရိမ်စိတ်ဖြစ်ပြီး ချက်ချင်း အဲဒီအိမ်ဆီကို ပြေးပါတော့တယ်။

မီးက ဒီအိမ်တွေဘက် ကူးလာမှာစိုးတာနဲ့ Liam တို့အိမ်ကလူတွေကို နှိုးခဲ့ကြောင်း Wang ရဲ့ မိခင်ဖြစ်သူ Monica Xu က သတင်းမီဒီယာတွေကို ပြောပြပါတယ်။ သူမက “ သူ အိပ်ရာက နိုးတာနဲ့ အဝတ်တွေ ကောက်ဝတ်တယ် … ပါးစပ်ကလည်း Liam ရေ Liam ရေလို့ အော်တယ် … နောက် သူတို့အိမ်ကို ပြေးပြီး လူခေါ်ခေါင်းလောင်းကို ဆက်တိုက်တီးတယ် ”လို့ ပြောပါတယ်။

သူတို့ အိမ်ကို ပြန်ရောက်ချိန်မှာ တံခါးဝမှာ Liam ရဲ့ မိသားစုက “ သူတို့အသက်ကို ကယ်ခဲ့တဲ့အတွက် Wang ကို ကျေးဇူးတင်ကြောင်း”စာတစ်စောင် ရေးပို့ထားပါတယ်။ စာထဲမှာ “ မီးတောက်တွေ ငါတို့ဆီကို နီးမလာခင်မှာ ငါတို့ကို မရရအောင် နှိုးခဲ့တဲ့ မင်းကို … နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် Wang ရေ … ဒီအတွက် အမြဲတမ်း အမှတ်ရနေမှာပါ … မင်းတို့ မိသားစုလည်း ဘေးကင်းမယ်လို့ ယုံကြည်ပါတယ် … အမြန်ပြန်တွေ့ချင်ပါပြီ ”လို့ ရေးထားတာပါ။

Twitter / James Garner

မီးလောင်မှုဟာ လျှပ်စစ်တာဝါတိုင်ကနေ အပူလွန်ကဲရာမှ စတင်ခဲ့ကြောင်း၊ Los Angeles Fire Department ရဲ့အဆိုအရ ဧက (၈၃၀၀)လောက်အထိ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူတစ်သောင်းလောက် ဘေးလွတ်ရာရွှေ့ပေးခဲ့ရကြောင်း သိရပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရရသူစာရင်းကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ခြင်း မရှိပါဘူး။

လင်းသူရိန်

SHARE