ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ကျွန်းပေါ်က တကိုယ်တည်းအဖိုးအို

Mauro Morandi ဟာ အသက်(၇၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီလူမျိုး အဘိုးအိုတစ်ဦးပါ။ သူဟာ (၁၉၈၉) ခုနှစ်တည်းက အီတလီနိုင်ငံ Corsica နဲ့ Sardinia ကျွန်းတွေကြားက Budelli ကျွန်းငယ်လေးမှာ တစ်ကိုယ်တည်း အခြေချနေထိုင်နေတာ ယနေ့အချိန်အထိဆို (၂၉)နှစ်ရှိပါပြီ။ အီတလီအစိုးရက ခန့်အပ်ထားတဲ့ Budelli ကျွန်းစောင့်အနားယူသွားတယ်ဆိုတဲ့ သတင်းကြားတော့ Mauro ဟာ သူပိုင်တဲ့ ဇိမ်ခံရွက်လှေကို ရောင်းချပြီး ဒီကျွန်းလေးရဲ့ကျွန်းစောင့် လာလုပ်နေခဲ့တာဖြစ်ပါတယ်။

မွန်းကျပ်လွန်းတဲ့ မြို့ပြလူနေမှုစရိုက်ကို မုန်းတီးတဲ့အတွက် သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းလေးပေါ်ကို လာရောက်နေထိုင်ခဲ့တာဖြစ်ပြီး အီတလီပင်မကုန်းမြေကြီးပေါ်ကို ဘယ်တော့မှပြန်ပြီး အခြေမချဖို့ Mauro က ဆုံးဖြတ်ခဲ့ပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ သူရဲ့ကြောင်လေးတွေကို အစာကျွေးပြီး La Spiaggia Rosa လို့ခေါ်တဲ့ ကျွန်းပေါ်က သဲသောင်ပြင်မှာ လမ်းလျှောက်တတ်တဲ့ Mauro ရဲ့ ဘ၀ဟာ အေးချမ်းလွန်းပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်ခန့်ကစပြီး Mauro ဟာ ကျွန်းရဲ့ သဘာဝအလှအပတွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်လေ့ ရှိလာပါတယ်။ အကြောင်းပြချက်ကတော့ Mauro ဟာ သူ့ရည်းစားနဲ့ ဆက်ဆံရေး ပြတ်တောက်သွားခဲ့လို့ပါ။

READ
သစ်တောအုပ်ကြီးဖြစ်လာတဲ့ သြစတြီးယားက ဘောလုံးကွင်းကြီး

ပင်မကုန်းမြေကြီးပေါ်မှာနေတဲ့ Mauro ရဲ့ ရည်းစားဟာ တစ်နှစ်လုံးနေမှ (၁၅)ရက်လောက်သာ ကျွန်းပေါ်ကို လာနိုင်ပါတယ်။ ရေရှည်မှာတော့ Mauro တို့နှစ်ယောက်ရဲ့ အနေဝေးဆက်ဆံရေးဟာ အဆင်မပြေနိုင်တော့ဘဲ ပြတ်တောက်သွားခဲ့ပါတယ်။ အသည်းကွဲသမားကြီး Mauro တစ်ယောက် သူ့ရဲ့ခံစားချက်တွေကို ဖြေဖျောက်ဖို့ ဓာတ်ပုံရိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ရင်တွင်းခံစားချက်တွေအတိုင်း ဓာတ်ပုံတွေကို mood သွင်းပြီး ရိုက်ကူးခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်ကစပြီး အစိုးရစီမံကိန်းတွေကြောင့် Budelli ကျွန်းပေါ်မှာ လူတွေအခြေစိုက်လာပြီး Mauro လည်း အစိုးရ wifi ကြောင့် အင်တာနက်အသုံးပြုခွင့်ရခဲ့ပါတယ်။ အဲဒီအခါမှာတော့ Mauro ဟာ သူ့ရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့ရာကတဆင့် အားပေးတဲ့ပရိသတ်တွေ အများအပြားရရှိလာခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Mauro ရဲ့ ဓာတ်ပုံတွေကို သဘောကျလို့ ပြီးခဲ့တဲ့ (၃)လအတွင်းမှာ ကျွန်းပေါ်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်ပေါင်း(၁,၃၀၀) ကျော်ပါပြီ။ အချိန်အားရတိုင်း ရှုခင်းဓာတ်ပုံပညာကို လေ့လာတတ်တဲ့ Mauro ဟာ သူ့ရဲ့ဓာတ်ပုံတွေကို ဒိတ်အောက်နေပြီဖြစ်တဲ့ Panasonic Lumix DC Vario ကင်မရာအဟောင်းလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သမီး(၂)ယောက်ရှိတဲ့ ပင်မကုန်းမြေပေါ်က Modena မြို့ကို တော့ ရံဖန်ရံခါမှာ Mauro သွားရောက်လည်ပတ်လေ့ရှိပါတယ်။ Mauro က ကျွန်းပေါ်ကို လာလည်တဲ့ ဧည့်သည်တွေနဲ့ ပတ်သက်ပြီး “ကျွန်းပေါ်မှာ တစ်ယောက်တည်း နေနေတဲ့ ကျွန်တော့်လို ရူးကြောင်ကြောင် အဖိုးကြီးကို တွေ့ဖို့လာတဲ့အတွက် အရမ်းပျော်မိပါတယ်” ဆိုပြီး ဖွင့်ဟခဲ့ပါတယ်။

READ
ပေါ်ပြူလာဖြစ်နေတဲ့ ထိုင်းစူပါမားကတ်တစ်ခုက ဟင်းသီးဟင်းရွက်ထုတ်ပိုးနည်းစနစ်

Source: Daily Mail

SHARE