မီးတောထဲက ကယ်ထုတ်လာခဲ့တဲ့ ကိုအာလာလေး လူးဝစ်စ်သေဆုံးပြီဖြစ်

သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးမှာ ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ် တောမီးလောင်မှုထဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တဲ့ ကိုအာလာလေးလူးဝစ်စ်ဟာ သေဆုံးခဲ့ပြီဖြစ်ကြောင်း 9news သတင်းအရ သိရပါတယ်။ လူးဝစ်စ်ကို တိုနီဒိုဟာတီဆိုသူ အမျိုးသမီးကြီးတစ်ဦးက မီးတောထဲကနေ သက်စွန့်ဆံဖျား ကယ်တင်လာခဲ့တာ ဖြစ်ပါတယ်။ ဒိုဟာတီရဲ့ ကိုအာလာလေးကို ကယ်တင်ခဲ့ပုံနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာလည်း ဗီဒီယိုနဲ့ သတင်းတွေ အမြောက်အမြားတက်လာခဲ့တာကြောင့် လူးဝစ်စ်ဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်တာကို ခံခဲ့ရတာပါ။

“ကျွန်မတို့ ဒီမနက်မှာ ကိုအာလာဆေးရုံကို ရောက်ခဲ့ကြပါတယ်။ သူ့အဖြစ်က အရမ်းကို ၀မ်းနည်းစရာကောင်းပါတယ်။ ကျွန်မတို့အနေနဲ့ သူ့ကို ဒီဒဏ်ရာတွေကနေ အမြန်ဆုံးကျော်လွှားနိုင်စေဖို့ ဆုတောင်းခဲ့ကြတယ်။ ဒါပေမယ့် ဒဏ်ရာတွေက တော်တော်ပြင်းလွန်းတယ်။ လူးဝစ်စ်တော့ အရမ်းနာနေရှာမှာ…” လို့ ဒိုဟာတီက ပြောပြပါတယ်။

လူးဝစ်စ်ရဲ့သတင်းကိုတော့ ပေါ့တ်မက်ကွာရီ ကိုအာလာဆေးရုံကနေ ဖေ့စ်ဘုတ်ပို့စ်မှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။ ဆေးရုံကတော့ “ဒီနေ့ ကျွန်တော်တို့အနေနဲ့ လူးဝစ်စ်ကို အိပ်ခိုင်းရဖို့ ဖြစ်လာခဲ့ပါပြီ။ သူ့ကို ဒီမနက်မှာ ပတ်တီးတွေလဲပေးပြီး သူ့ရဲ့ မီးလောင်ဒဏ်ရာတွေကို စစ်ဆေးကြည့်ခဲ့ပါတယ်။ ဒဏ်ရာတွေက မသက်သာတဲ့အပြင် ပိုတောင် ဆိုးလာပါတယ်။ လူးဝစ်စ်လေးက ပြန်ကောင်းလာဖို့ လမ်းမမြင်တော့ပါဘူး။ ဒါကြောင့် လူးဝစ်စ်လေး ထပ်ပြီး ခံစားနေရမှာကို မမြင်ရက်တော့လို့ ကျွန်တော်တို့ဆေးရုံက ဒီလိုဆုံးဖြတ်ချက်ကို ချခဲ့တာပါ…” လို့ ရေးသားထားပါတယ်။

READ
မူးပြီးမောင်းလို့ အဖမ်းခံခဲ့ရတဲ့ ဂေါက်သီးဘုရင်ကြီး တိုက်ဂါးဝုဒ်

ဒိုဟာတီဟာ တောမီးလောင်စဉ်အတွင်း လူးဝစ်စ်လေးကို သူမရဲ့ အ၀တ်နဲ့ ပတ်ပြီး ကယ်လာခဲ့တာ ဖြစ်ပါတယ်။ ၀က်ဝံလေးဟာ ခြေထောက်၊ ရင်ဘတ်နဲ့ ၀မ်းဗိုက်တို့မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိထားခဲ့တာပါ။ ဒိုဟာတီဟာ သူမရဲ့ မြေးတစ်ယောက်ဖြစ်တဲ့ လူးဝစ်စ်နာမည်ကို ကိုအာလာဝက်ဝံလေးဆီ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့တ်မက်ကွာရီမှာရှိတဲ့ ကိုအာလာဝက်ဝံတွေဟာ တောမီးလောင်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတာပါ။ အောက်တိုဘာနှောင်းပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ တောမီးလောင်မှုထဲ ကိုအာလာဝက်ဝံကောင်ရေ (၆၀၀) ရှိတဲ့အနက် အကောင်(၃၅၀) လောက် သေဆုံးကုန်တယ်လို့ သိရပါတယ်။ အချို့ကတော့ ကိုအာလာတွေဟာ မီးဘေးကြောင့် မျိုးသုဉ်းတော့မယ်ဆိုတဲ့ သတင်းတွေကို ထုတ်ပြန်ခဲ့ကြပေမယ့် ပေါ့တ်မက်ကွာရီဆေးရုံကတော့ သြစတေးလျမှာ ကိုအာလာတွေ လုံးဝမျိုးသုဉ်းသွားနိုင်ခြေမရှိဘူးလို့ ဖော်ပြထားခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE