ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ အတော်ဆုံးဘဲလေးကချေသည်ဖြစ်လာတဲ့ အလစ်ရှာအလွန်ဆို

လွန်လေပြီးသော အတိတ်ကာလတစ်ခုတုန်းက မျက်စိမမြင်တဲ့ ကောင်မလေးတစ်ယောက်ဟာ အင်မတန်မှ အောင်မြင်ကျော်ကြားတဲ့ ဘဲလေးကချေသည်တစ်ယောက် ဖြစ်လာခဲ့ဖူးပါတယ်။ သူမရဲ့နာမည်ကတော့ အလစ်ရှာ အလွန်ဆိုလို့ ခေါ်ပါတယ်။ သူမကို ကျူးဘားနိုင်ငံမှာ ၁၉၂၁ခုနှစ်က မွေးဖွားခဲ့တာပါ။

မွေးမွေးချင်းတုန်းကတော့ သူမရဲ့အမြင်အာရုံဟာ သာမန်လူတွေလိုပဲ ကောင်းမွန်နေခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဘဲလေးအကပညာမှာ ရူးသွပ်စွာ ခုံမင်တဲ့ အလစ်ရှာဟာ အသက်(၁၁)နှစ်အရွယ်မှာတင် အလွန်ကိုထူးချွန်လှတဲ့ ဘဲလေးမယ်လေး ဖြစ်နေခဲ့ပါပြီ။ သို့ပေမဲ့လည်း ကံဆိုးချင်ရှာတော့ တစ်နေ့မှာ အပြင်းဖျားပြီး မျက်စိအမြင်အာရုံတွေဟာ တစထက်တစ ဆိုးရွားစွာ ထိခိုက်လာခဲ့ပြီး မျက်စိအလင်းကွယ်ပျောက်သွားခဲ့ရပါတယ်။

Photo: pinterest

အမြင်အာရုံလည်းမရှိတော့ အချိန်အကြာကြီးထိ အိပ်ယာထဲမှာပဲနေဖို့ တွန်းအားပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့အသွေးအသားထဲမှာ စီးမျောပါဝင်လာတဲ့ အက၀ါသနာကိုတော့ ဖောက်ထုတ်ပစ်လို့ မရခဲ့ပါဘူး။ အိပ်ရာထဲမှာလှဲနေရင်းနဲ့ စိတ်ထဲမှာ  ကနေခဲ့ပါတယ်။ လှုပ်ရှားမရှိ၊ အမြင်အာရုံမရှိဘဲနဲ့ အိပ်ရာနဲ့ကျောကပ်နေရတဲ့ အနေအထားမှာ ကမ္ဘာကျော်တဲ့ ကကွက်ဖြစ်လာမယ့် Giselle ဆိုတဲ့ ကဟန်ကို သူမဘာသာ သင်ယူတတ်မြောက်ခဲ့ပါတယ်။

READ
နွေရာသီ မိတ်ကပ်ပြင်ဆင်မှုအတွက် သိထားသင့်တဲ့ အချက်များ
Photo: pinterest

ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့ စကားဟာ အလစ်ရှာအတွက်တော့ တကယ်မှန်တဲ့စကားပါ။ အကြောင်းဖန်လာတော့ တစ်နေ့မှာ နယူးယောက်မြို့ရဲ့ ဘဲလေးအဖွဲ့က ခေါင်းဆောင်ဘဲလေးမယ်ဟာ ကရင်းနဲ့ ဒဏ်ရာရသွားခဲ့တာကြောင့် အလစ်ရှာကို ခေါင်းဆောင်နေရာမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ သူမဟာ အမြင်အာရုံချို့တဲ့နေသူ ဖြစ်ပေမဲ့ သူမရှင်သန်မှုရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ ဘဲလေးအကကို မငြင်းဆန်နိုင်တာကြောင့် ၀မ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်။ သူမ စတင်ဖျော်ဖြေရတဲ့ ကဟန်ဟာ Giselle ဟန်ဖြစ်ပြီး တာထွက်မှာတင် ပရိသတ်ရဲ့ချစ်ခင်နှစ်သက်မှုကို တစ်ခဲနက် ရရှိခဲ့ပါတယ်။

Photo: pinterest

အလစ်ရှာဟာ အမြင်အာရုံချို့တဲ့ပေမဲ့ အားနည်းချက်ရှိတဲ့ ဒုက္ခိတတစ်ယောက်လို ရှင်သန်နေသူ မဟုတ်ပါဘူး။ သူမရူးသွပ်တဲ့ ဘဲလေးအကကို ကပြဖျော်ဖြေရာမှာ ယုံကြည်မှုအပြည့်နဲ့ ကျက်သရေရှိရှိ ၀ံ့ကြွားစွာ ကပြတတ်သူပါ။ Giselle ရဲ့ဟန်ဟာ စုံတွဲကပြရတာဖြစ်တဲ့အတွက် သူမနဲ့တွဲဖက်ကပြရမယ့် အကသမားကို သူမလိုချင်တဲ့နေရာ၊ အချိန်တို့မှာ အံကိုက်ရှိနေဖို့ သူမက ပြန်ပြီး လေ့ကျင့်ပေးခဲ့တာပါ။

READ
ယောက်ျားလေးတွေပြောတဲ့ မိန်းကလေးတစ်ယောက်ကိုလှပစေသောအရာများ
Photo: pinterest

နွဲ့နှောင်းပျော့ပျောင်းပြီး ကျက်သရေရှိလွန်းလှတဲ့အပြင် ထူးခြားတဲ့ ကိုယ်ပိုင်ဟန်ပါရှိနေတာကြောင့် သူမရဲ့ဘဲလေးကုမ္ပဏီက ကမ္ဘာအနှံ့ကို လှည့်ပတ်ဖျော်ဖြေဖို့ စီစဉ်ပေးခဲ့ရပါတယ်။ အလစ်ရှာရဲ့ကြီးမားတဲ့ အိပ်မက်ကတော့ ဘဲလေးမယ်ဖြစ်ရုံတင် မဟုတ်ပါဘူး။ သူမရဲ့အမိမြေဖြစ်တဲ့ ကျူးဘားနိုင်ငံကို ဂန္ထ၀င်ဘဲလေးကကွက်တွေ ယူဆောင်ပေးဖို့လည်း ပါဝင်ပါတယ်။ သူမရဲ့အိမ်အပြန်လမ်းကနေစပြီး ကျူးဘားနိုင်ငံက ဘဲလေးမယ်လေးတွေကို ဂန္ထ၀င်ကကွက်တွေ ပြန်လည်သင်ကြားပေးဖို့အတွက် အလစ်ရှာ အလွန်ဆိုအမည်နဲ့ ဘဲလေးကုမ္ပဏီတည်ထောင်လိုက်တဲ့အထိ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့တစ်ပိုင်တစ်နိုင် ကုမ္ပဏီကနေ ကျူးဘားနိုင်ငံရဲ့ ဘဲလေးကျောင်းဖြစ်လာတဲ့အထိ အောင်မြင်စွာ တိုးချဲ့နိုင်ခဲ့ပါတယ်။

ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ ကိုယ့်ဘ၀ရဲ့အိပ်မက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဘဲလေးအကပညာရှင် အလစ်ရှာ အလွန်ဆိုဟာ မိန်းကလေးထုတွေ အားကျအတုယူသင့်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲဆိုတာ ဖော်ပြရင်း … ။

အလင်းဦး (Shwemom)

SHARE