အနှစ်(၂၀) ကျော်ကြာမှ ရှော့ပင်းမောလ်တစ်ခုမှာ ဖမ်းဆီးရမိခဲ့တဲ့ ကွင်းဆက်လူသတ်သမား

Weibo/Zhi

အသက် (၃) နှစ်အရွယ် ကလေးတစ်ဦးကို သတ်မှုအပါအ၀င် လူသတ်မှုပေါင်း (၇) မှုကို ကျူးလွန်ပြီး နှစ်(၂၀) ကြာ ရှောင်ပြေးနေသူ တရုတ်လူမျိုး အမျိုးသမီးတစ်ဦးကို ယခုအခါ ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း asiaone သတင်းဌာနအရ သိရပါတယ်။ အသက်(၄၅) နှစ်အရွယ် ရှိနေပြီဖြစ်ပြီး လောင်ရွန်ဇီအမည်ရတဲ့ ၄င်းလူသတ်သမားဟာ (၁၉၉၉) ခုနှစ်က သူမရဲ့ ရည်းစား ဖဇီယင်းကို ရဲတွေလက်ဝယ်ဖမ်းမိစဉ်မှာ လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ်ကစလို့ လူသတ်တရားခံ လောင်ရွန်ဇီဟာ အမည်လွှဲပြောင်းပြီး သိုဝှက်စွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ ဖဟာ အစပိုင်း ရဲတွေ စစ်မေးတုန်းက လောင်ရွန်ဇီနဲ့ ပတ်သက်လို့ သတင်းအမှားတွေကိုသာ ပြောပြခဲ့ပြီး သူမရဲ့ အပြစ်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ အသက်(၃၅) နှစ်အရွယ် ဖဟာ (၁၉၉၉) ခုနှစ် ဒီဇင်ဘာမှာတော့ ပြန်ပေးမှုနဲ့ လူ(၇) ဦး သတ်ဖြတ်မှုတွေကြောင့် သေဒဏ်ချမှတ်ခံလိုက်ရပါတယ်။ ထိုအချိန်တုန်းက ကြံရာပါလောင်ရွန်ဇီဟာ လွတ်မြောက်နေဆဲဖြစ်ပြီး အခု အနှစ်(၂၀) ကြာပြီးနောက်မှ သူမကို ရှော့ပင်းစင်တာတစ်ခုမှာ ဖမ်းဆီးရမိခဲ့တာပါ။

Weibo/Zhi

လူသတ်တရားခံ လောင်ရွန်ဇီဟာ ဖူကျန်းပြည်နယ် တောင်ပိုင်းက မြို့လေးတစ်မြို့ဖြစ်တဲ့ ရှားမန်မှာ နာရီတွေ ရောင်းနေတာ ဖြစ်ပါတယ်။ ရဲတွေကတော့ လောင်ရွန်ဇီကို ဘယ်လိုနည်းနဲ့ ခြေရာခံလိုက်သလဲဆိုတာတော့ မပြောပြခဲ့ကြပါဘူး။ လောင်ရွန်ဇီဟာ သူမရဲ့ရည်းစားဖြစ်သူ ဖနဲ့တွေ့ဆုံစဉ်မှာ အသက်(၁၉) နှစ်ပဲ ရှိသေးပြီး မူလတန်းပြဆရာမလေးတစ်ဦးအဖြစ် အလုပ်လုပ်နေတာပါ။ ထိုအချိန်မှာ ဖဟာ လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ထဲမှာ (၈) နှစ်နေခဲ့ဖူးတဲ့ ထောင်ထွက်တစ်ဦးဖြစ်ပါတယ်။ မကြာခင်မှာပဲ လောင်ရွန်ဇီဟာ ဆရာမအလုပ်ကထွက်ပြီး သုံးနှစ်တာကာလအတွင်း ဖနဲ့အတူ ရာဇ၀တ်မှုများစွာကို ကျူးလွန်ခဲ့ပါတယ်။

READ
ကမ်းခြေမှာလမ်းလျှောက်ရင်း အမှတ်မထင်တွေ့ရှိခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းစာ

ဖရဲ့နောက်ဆုံးသားကောင်ကတော့ ရှောင်းအမည်ရတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ရှောင်းအမည်ရတဲ့ အဆိုပါအမျိုးသားကို လောင်ရွန်ဇီဟာ ပြည့်တန်ဆာအမျိုးသမီးတစ်ဦးအနေနဲ့ မြူဆွယ်ဖြားယောင်းခဲ့ပါတယ်။ ပြီးတဲ့နောက် ရှောင်းရဲ့ အဖိုးတန်လက်ဝတ်ရတနာပစ္စည်းတွေကို ခိုးယူပြီး အိမ်လိပ်စာကို မေးမြန်းကာ အိမ်မှာပဲ သတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဖနဲ့လောင်ရွန်ဇီဟာ ရှောင်းရဲ့အိမ်ကိုသွားပြီး ရှောင်းရဲ့ဇနီးသည်နဲ့ (၃) နှစ်အရွယ် သမီးလေးတစ်ယောက်ကိုပါ သတ်ဖြတ်ခဲ့ပြီး ငွေပေါင်း (၃၉,၀၀၀) ဒေါ်လာကိုပါ ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

Weibo/Zhi

ထို့နောက် ဖနဲ့လောင်ရွန်ဇီဟာ (၁၉၉၉) ခုနှစ်မှာ အန်ဟွေးပြည်နယ် ဟီဖေးမြို့ကို ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ အဲ့ဒီမြို့မှာလည်း သူတို့နှစ်ဦးဟာ ယင်အမည်ရတဲ့ အမျိုးသားတစ်ဦးကို ထောင်ချောက်ဆင်မြှားပြီး ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဖဟာ ယင်ကို ဖမ်းဆီးထားရာ တိုက်ခန်းဆီ လက်သမားတစ်ဦးကို အယောင်ပြခေါ်ပြီး ၄င်းလက်သမားကို ယင်ရဲ့ရှေ့တင်ပဲ သတ်ပစ်ကာ ပြန်ပေးငွေ ယွမ်(၃) သိန်းကို  မိသားစုဆီတောင်းဖို့ အတင်းအဓမ္မစေခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဖဟာ ယင်ရဲ့ဇနီးသည်ဆီက ပြန်ပေးငွေကို ယူဖို့သွားတဲ့အခါမှာတော့ ယင်ရဲ့ဇနီးသည်က ရဲတိုင်ထားတဲ့အတွက် ဖကို ရဲတွေက ပေါင်ကို သေနတ်နဲ့ပစ်ကာ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

READ
အသက်(၇၃)နှစ်အရွယ်အဖွားအိုကို အဓမ္မကျင့်တဲ့လူယုတ်မာထောင်ဒဏ်ကျ

ဒါပေမယ့် အဲ့ဒီအချိန်မှာတော့ ယင်ဟာ သေဆုံးခဲ့ပြီး ဖြစ်နေပါပြီ။ ဖဟာ အမှုခင်းဖြစ်စဉ်အသေးစိတ်တွေကို အမှန်အတိုင်း မပြောပဲ ဖွင့်ပြောဖို့ ကြန့်ကြာနေတာကြောင့် လောင်ရွန်ဇီဟာ ထိုစဉ်က ထွက်ပြေးလွတ်မြောက်ဖို့ အချိန်တွေရသွားခဲ့တာ ဖြစ်ပါတယ်။

ဖကတော့ သူသေဒဏ်မကျခံရမီမှာ သူဟာ သူ့ရဲ့သားကောင်တွေကို အမြဲတမ်းသတ်ပစ်လေ့ရှိပြီး သတ်ပစ်ပြီးတဲ့အခါ ထူးထူးခြားခြားဘာမှမခံစားရပေမယ့် အသက်(၃) နှစ်အရွယ် ကလေးမလေးကို သတ်ပြီးတဲ့နောက်မှာတော့ အပြစ်ကျူးလွန်မိသလို ခံစားရကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားခံရှေ့နေက ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် ဖဟာ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ ကာကွယ်ခုခံတာမျိုးမရှိခဲ့ပဲ သူ့ကို သေဒဏ်တိုက်ရိုက်ပေးဖို့ကိုသာ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ လောင်ရွန်ဇီကို နန်ချန်းမြို့တရားရုံးဆီ လွှဲအပ်ထားပြီးဖြစ်ကာ ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE