လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကာလဖြစ်တာကြောင့် လူတိုင်းလိုလို အဆင်မပြေဖြစ်နေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေခမျာ ကျူရှင်ခတို့၊ ကျောင်းလခတို့အတွက် တော်တော်လေး ပူပန်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျောင်းသားဆိုတာမျိုးက မိဘတွေဆီက ကျောင်းလခအတွက် လက်ဖြန့်တောင်းရတာပါ။ မိဘတွေလည်း ဒီလိုအလုပ်အကိုင်တွေ ကျပ်တည်းပြီး အဆင်မပြေဖြစ်နေတဲ့ အချိန်မျိုးမှာ အိမ်ရဲ့ စားဝတ်နေရေးအပြင် သားသမီးတွေရဲ့ ကျောင်းလခအတွက် တော်တော်လေး အခက်အခဲ ဖြစ်နေတဲ့ အချိန်ပါ။ အခုလည်း Bali ကျွန်းရှိ ပညာရေးကောလိပ်တစ်ခုဟာ ကျောင်းလခနဲ့ ကျူရှင်စရိတ်တွေအတွက် ပိုက်ဆံအစား အုန်းသီးတွေကိုသာ လက်ခံပေးနေပြီဖြစ်ကြောင်း Food and Wine သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကောလိပ်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ Bali ကျွန်းပေါ်ရှိ Venus One Tourism Academy အမည်ရှိ ကောလိပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျောင်းရဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရဆိုရင် ကျောင်းသူကျောင်းသားတော်တော်များများဟာ ကျောင်းလခမသွင်းဖို့ တော်တော်လေး အခက်အခဲ ဖြစ်နေတဲ့အပြင် ကျောင်းလခမပေးနိုင်တာကြောင့် တစ်ချို့ကျောင်းသူကျောင်းသားတွေဆိုရင် ကျောင်းတောင် လာမတက်နိုင်တော့ကြောင်း ပြောခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ကျောင်းသားကျောင်းသူတွေ အဆင်ပြေအောင်လို့ ကျောင်းလခအတွက် ပိုက်ဆ့အစား အုန်းသီးတွေကိုသာ လက်ခံတော့မှာဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“အဓိကကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်လို့ပါပဲ။ အခုအချိန်က လူတိုင်းခက်ခဲနေတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါ့ကြောင့် ပိုက်ဆံအစား အုန်းသီးတွေကိုသာ လက်ခံလိုက်တာပါ။ ကျွန်တော်တို့ကျွန်းမှာ အပေါဆုံးက အုန်းသီးပဲလေ။ ဒီလိုဆိုရင် ကျောင်းသားကျောင်းသူတွေအတွက် တော်တော်လေး အဆင်ပြေသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကျောင်းကတော့ အုန်းသီးတွေကို အုန်းဆီချက်တဲ့လူတွေနဲ့ အုန်းသီးဒိုင်တွေကို ပြန်ရောင်းရင်း ပိုက်ဆံအဖြစ် ပြန်လဲရတာပေါ့။ အလုပ်တော့ နည်းနည်းရှုပ်ပါတယ်။ ဒါပေမယ့် ကျောင်းသားကျောင်းသူတွေ အဆင်ပြေဖို့က အဓိကပါပဲ”လို့ အဆိုပါ ကောလိပ်ရဲက ဒါရိုက်တာဖြစ်သူ Wayan Pasek Adi Putra က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw