မထင်မှတ်ထားတဲ့ ပုံစံနဲ့ အိမ်ကွင်းမှာ ဘောလုံးပွဲ ကစားခဲ့တဲ့ ဒိန်းမတ်ကလပ်အသင်း

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ လူတိုင်းနီးပါး အိမ်အပြင်မထွက်ကြသလို ကျောင်းတွေ၊ရုံးတွေလည်း ပိတ်ထားရပါတယ်။ ဒါ့အပြင် အားကစားပွဲတွေဟာလည်း ကွင်းပိတ်ကျင်းပကာ ပရိသတ်တွေကို လုံးဝကွင်းထဲ ပေးမဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဒိန်းမတ်ကလပ်ဘောလုံးအသင်းတစ်သင်းကတော့ မထင်မှတ်ထားတဲ့ ပုံစံနဲ့ အိမ်ကွင်းမှာ ဘောလုံးပွဲ လက်ခံကစားခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ကွင်းထဲကနေ ရရှိခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

AGF Aarhus FC လို့အမည်ရတဲ့ ဒိန်းမတ်ကလပ်အသင်းတစ်ခုဟာ Randers အသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲမှာ ကွင်းထဲကို ပရိတ်သတ်တွေ မဝင်ရသော်လည်း ကွင်းထဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ပရိသတ် ၅၀၀ ကျော်လောက်ကို Zoom နဲ့ Video Call ပုံစံဖန်တီးပြီး ပရိသတ်တွေ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှု့နိုင်အောင် ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပုံထဲမှာတွေ့ရတဲ့အတိုင်း ကွင်းပတ်ပတ်လည်က ခုံတွေမှာ LED ဘုတ်အကြီးစားတွေကို ထောင်ထားပြီး ပရိသတ်တွေကလည်း သူတို့ ဘောလုံးကန်တာမြင်ရ၊ သူတို့ကလည်း ပရိသတ်တွေ မြင်နေရတဲ့ ပုံစံအနေအထားတစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ ကွင်းပတ်ပတ်လည်မှာ လူပုံစံအကြီးကြီးတေတွနဲ့ ကြောက်စရာပုံစံကြီးပါ။ ဒီပုံစံနဲ့ ကျင်းပခဲ့တဲ့ ဘောလုံးပွဲဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော် ပျံ့နှံ့သွားခဲ့ပြီး တစ်ချို့တွေကတော့ Black Mirror စီးရီးကြည့်နေရသလို ခံစားရကြောင်း နောက်ပြောင်ပြီး ပြောခဲ့ပါသေးတယ်။

“ဒီပုံစံနဲ့ ပွဲကျင်းပဖြစ်သွားတာကတော့ မထင်မှတ်ပဲ ဖြစ်သွားတာပါ။ ပရိသတ်တွေရဲ့ တောင်းဆိုမှု၊ အကြံပေးမှုတွေကြောင့် ဒီလိုပုံစံမျိုးလေး စီစဉ်ဖြစ်သွားခဲ့တာပါ။ ပရိသတ်တွေကတော့ ဒီလိုအားပေးရတာ တော်တော်ပျော်ဖို့ကောင်းကြောင်း ပြန်ပြောကြသလို ကစားသမားတွေကလည်း ပရိသတ် လုံးဝမရှိတာထက်စာရင် ဒီအခြေအနေက ပိုကောင်းတယ်လို့ ပြောကြပါတယ်။ နောက်ကန်မယ့်ပွဲတွေကတော့ ဒီလိုပုံစံမျိုးနဲ့ ကျင်းပဖြစ်မလား မဖြစ်လားဆိုတာကတော့ လောလောဆယ် မဆုံးဖြတ်ရသေးပါဘူး” လို့ AGF Aarhus အသင်းရဲ့ မန်နေဂျာ David Nielsen က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE