
ကိုယ့်ရဲ့ အိမ်ထဲကိုပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ခြံထဲကိုပဲဖြစ်ဖြစ် တောရိုင်းတိရစ္ဆာန်တစ်ကောင် ရုတ်တရက်ဝင်ရောက်လာခဲ့ရင် စိတ်ထဲမှာ ဘယ်လိုခံစားမိကြမလဲ။ ကျိန်းသေတာတစ်ခုကတော့ ရုတ်တရက်လန့်သွားပြီး သွေးပျက်သွားကြမှာ အမှန်ပါပဲ။ ဒီလိုအဖြစ်အပျက်မျိုးကို အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်လည်း နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရပါတယ်။ ပိုဆိုးတာက အဆိုပါအမျိုးသားဟာ ခြံထဲက ဒရင်းဘတ်ပေါ်မှာ အိပ်နေတဲ့အချိန် ရုတ်တရက်လန့်နိုးလားပြီး သူ့အရှေ့တည့်တည့်မှာ ဝက်ဝံအမည်းကြီးတစ်ကောင် ရပ်နေတာကို ရုတ်တရက်မြင်တွေ့ခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသားကတော့ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်ရှိ Greenfield မြို့မှာ နေထိုင်တဲ့ Matt Bete လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ Matt ဟာ ပြီးခဲ့တဲ့ စနေနေ့(၁၂.၉.၂၀၂၀)တုန်းက အလုပ်ပိတ်ရက်ဖြစ်တာကြောင့် သူ့ရဲ့ ခြံထဲရှိ ရေကန်ဘေးက ဒရင်းဘတ်ပေါ်မှာ နေပူဆာလှုံရင်း အေးအေးဆေးဆေး အနားယူနေခဲ့ပါတယ်။ အဲဒီနောက် ရုတ်တရက် အိပ်ပျော်သွားခဲ့ပြီး ခဏအကြာမှာတော့ ခြေထောက်ကို တစ်ယောက်ယောက် ကိုင်နေသလို ခံစားရတာကြောင့် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးလာခဲ့ပါတယ်။ အဲဒီအချိန် သူ့ရဲ့ခြေရင်းမှာ ဝတ်ဝံမည်းကြီးတစ်ကောင် ရောက်နေတာကို တွေ့လိုက်ရပြီး တော်တော်လေးထိတ်လန့်ခဲ့ပါတယ်။ ဝက်ဝံကြီးကလည်း Matt လန့်နိုးလာတာကိုတွေ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝက်ဝံကြီးဟာ Matt ကို ပေစောင်းပေစောင်းကြည့်ပြီး ခြံထဲကနေ ထွက်ခွာသွားပြီး အိမ်အနောက်က တောအုပ်ထဲကို ဝင်သွားခဲ့ပါတယ်။

“အသက်ရှုရပ်မက်ကို လန့်သွားခဲ့တာပါ။ ထပဲပြေးရမလား၊ မောင်းပဲမောင်းထုတ်ရမလား ကိုယ့်ကိုယ်ကိုတောင် မသိခဲ့ပါဘူး။ တော်သေးတာတစ်ခုက ဝက်ဝံကြီးကလည်း ကျွန်တော့်ကိုမြင်ပြီး လန့်ပြေးသွားတာပါပဲ။ ပြီးမှ CCTV ပြန်ကြည့်မှ ကျွန်တော်အိပ်ပျော်ပြီး သိပ်မကြာခင်အချိန်ကတည်းက ခြံထဲကို ရောက်နေခဲ့တာပါပဲ။ သူလည်း ရုတ်တရက်လန့်ပြီး ကျွန်တော့်ကို တိုက်ခိုက်ရင်တော့ ကျွန်တော်အသက်တောင် မရှင်နိုင်ပါဘူး”လို့ Matt က ပြောကြားခဲ့ပါတယ်။
https://www.facebook.com/dawn.bete/videos/10158517081187597/
Pyi Hein Kyaw