ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့တုန်းက အမေရိကန်နိုင်ငံမှာ လူသိရှင်ကြား ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဲဒါကတော့ အမေရိကန်သမ္မတဟောင်း Trump ကို ထောက်ခံခဲ့ကြတဲ့ ပြည်သူတွေဟာ လွှတ်တော်အဆောက်အအုံထဲကို မင်းမဲ့စရိုက်ဆန်ဆန် ဝင်ရောက်စီးနင်းခဲ့ကြတာပါ။ အဆိုပါ ဖြစ်ရပ်မှာ လူ ၅ ယောက် သေဆုံးခဲ့ရပြီး အဆိုပါ သေဆုံးသူတွေထဲမှာ အမေရိန်လွှတ်တော်အဆောက်အအုံရဲ့ ရဲအရာရှိတစ်ဦး ပါဝင်ခဲ့ပါတယ်။ အခုလည်း အဆိုပါ ဖြစ်ရပ်မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အမေရိကန် အခြေစိုက်ကုမ္ပဏီရဲ့ CEO တစ်ဦးကို ကုမ္ပဏီမှ တာဝန်ရှိသူတွေက CEO အဖြစ်မှ ရပ်ဆိုင်းခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသားကတော့ Brad Rukstales ဖြစ်ပြီး Cogensia အမည်ရတဲ့ Chicago အခြေစိုက် Marketing technology ကုမ္ပဏီကြီးရဲ့ CEO တစ်ယောက် ဖြစ်ပါတယ်။ Brad ဟာ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ လူတွေထဲမှာ ပါဝင်တာကြောင့် Cogensia ကုမ္ပဏီရဲ့ ဘုတ်ဒါရိုက်တာတွေဟာ အရေးပေါ်အစည်းအဝေးထိုင်ပြီး Brad ကို ကုမ္ပဏီရဲ့ CEO အဖြစ်မှ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Brad ကို Cogensia ကုမ္ပဏီကနေ အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း၊ Brad ရဲ့ လုပ်ရပ်တွေဟာ ကုမ္ပဏီအနေနဲ့ ဘာမှ မသက်ဆိုင်ပါကြောင်း၊ သူ့ရဲ့ လုပ်ရပ်တွေကို သူ့ဟာသူသာ တာဝန်ယူရမှာဖြစ်ကြောင်း တရားဝင်အမိန့်စာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
— Brad Rukstales (@brad_rukstales) January 8, 2021
“ကျွန်တော့်ရဲ့ လုပ်ရပ်အတွက် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ လူတိုင်းကို ကျွန်တော်တောင်းပန်ပါတယ်။ ဒီလိုမျိုး မဖြစ်သင့်တဲ့ လုပ်ရပ်ကို လုပ်ခဲ့လို့လည်း အခုဆိုရင် ကျွန်တော့်ရဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံရပြီးပါပြီ။ အဲဒီလုပ်ရပ်အတွက် ကျွန်တော်အရမ်းနောင်တရပါတယ်။ နောက်တစ်ခါဆိုရင် ဒီလိုမျိုးလုပ်ရပ်တွေကို ထပ်မကျူးလွန်တော့ပါဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်အတွက်ကို ကျွန်တော်အနေနဲ့ တော်တော်ကြီးကို နောင်တရနေပါပြီ”လို့ Brad ရဲ့ သူ့ရဲ့ twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

Pyi Hein Kyaw