လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းလိုလို အိမ်ထဲမှာပဲ နေနေရတာပါ။ ဘယ်အချိန်မှာ ပြီးဆုံးမယ်မှန်း မသိနိုင်သေးတဲ့ ဒီရောဂါဆိုးကြီးကြောင့် လူသားတွေရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေဟာ အဖက်ဖက်ကနေ ကျဆင်းနေတာ အခုဆိုရင် (၁)နှစ်တောင် ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ အကောင်းဆုံးကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အစိုးရက ချမှတ်ထားတဲ့ COVID 19 စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်တာ အကောင်းဆုံးပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ ဒီလို COVID 19 ကာလကြီးအတွင်းမှာ Pokemon Go ဂိမ်းကို ဆော့ကစားဖို့အတွက်နဲ့ လျှောက်သွားနေခဲ့တာကြောင့် ဒဏ်အရိုက်ခံခဲ့ရကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ၊ Warwickshire ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်း မရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံ၊ Bedworth မြို့မှ ၂၂ ကီလိုမီတာ ကွာဝေးတဲ့ Kenilworth မြို့သို့ ခရီးထွက်ခဲ့ပါတယ်။ အရေးတကြီးကိစ္စတွေကလွဲလို့ ဒီလိုမျိုး COVID 19 ကာလအတွင်း အင်္ဂလန်နိုင်ငံထဲမှာ ပြည်တွင်းခရီးသွားတဲ့ ကိစ္စမျိုးတွေကို ပိတ်ပင်ထားတာ ကြာပါပြီ။ ဒါပေမယ့် အဆိုပါ အမျိုးသားကတော့ Pokemon Go ဂိမ်းကစားဖို့သက်သက် အခုလို ခရီးသွားလာခဲ့တာကြောင့် Warwickshire ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ အဆိုပါ အမျိုးသားကို ဒဏ်ငွေအဖြစ် ပေါင် ၂၀၀ ပေးဆောင်ခိုင်းခဲ့ပြီး ပြန်လည်လွှတ်ပးခဲ့ကြောင်း သိရှိရပါတယ်။

PokemonGo ဂိမ်းကစားတာဟာ နေရာအနှံ့သွားပြီး အကောင်ဖမ်း၇တဲ့ ဂိမ်းတစ်မျိုးဖြစ်တာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး အချိန်မှာတော့ PokemonGo ဂိမ်းဟာ ဆော့ဖို့ သိပ်အဆင်မပြေလောက်ပါဘူး။ PokemonGo ဂိမ်း ကုမ္ပဏီဖြစ်တဲ့ Niantic ကုမ္ပဏီကိုယ်တိုင်ကိုက ဒီလိုမျိုး COVID 19 ကာလအချိန်မျိုးမှာ PokemonGo ဂိမ်းကစားသူတွေအနေနဲ့ အိမ်မှာပဲ နေပြီး PokemonGo ဂိမ်းကိုဆော့ဖို့၊ အပြင်ထွက်ပြီး ဆော့ကစားမယ်ဆိုရင်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ COVID 19 စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Pyi Hein Kyaw