ဂျပန်ရထား(၂၆) စီးကို အချိန်တစ်နာရီကြာ ကြန့်ကြာစေခဲ့တဲ့ ပက်ကျိတစ်ကောင်

Shutterstock/ Marija Stepanovic Shutterstock/ Denis Belitsky

ဂျပန်နိုင်ငံက ရထားတွေဟာ အင်မတန်အချိန်တိကျသလို စက်ပစ္စည်းအကောင်းစားတွေချည်း သုံးထားတယ်ဆိုပြီးတော့ နာမည်ကျော်ပါတယ်။ ဒါပေမယ့် မေလ(၃၀) ရက်နေ့ မနက်(၉း၄၀) အချိန်မှာတော့ အချိန်မှန်ပါတယ်ဆိုတဲ့ ဂျပန်ရထားတွေဟာ ပက်ကျိတစ်ကောင်ကြောင့် အချိန်တစ်နာရီကြာ နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ soranews24 သတင်းအရ သိရပါတယ်။

ဖြစ်ပုံကတော့ မိုဂျိဘူတာရုံနဲ့ စပေ့စ်ဝေါ ဘူတာရုံကြားက ကာဂိုရှီမာလိုင်း၊ ကိုကူရာနဲ့ ဂျိုနိုဘူတာရုံနှစ်ခုကြားက နစ်ပိုလိုင်းတွေဟာ မီးတွေပြတ်ပြီး မှောင်အတိကျသွားခဲ့တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ရထား(၂၆) စီးဟာ တစ်နာရီနီးပါးကြာအောင် ခရီးမဆက်နိုင်ပဲ ဖြစ်ခဲ့ရတဲ့အပြင် လူပေါင်း (၁၂,၀၀၀) နီးပါးဟာ ခရီးစဉ်တွေ နောက်ကျခဲ့ရတာပဲ ဖြစ်ပါတယ်။

Shutterstock/ Somsit

ဒါနဲ့ မီးရထားဝန်ထမ်းတွေက မီးပြတ်သွားရတဲ့အကြောင်းရင်းကို သိရှိဖို့အတွက် disconnector switch ရှိရာဆီ လာခဲ့ကြပါတယ်။ Disconnector switch ဆိုတာကတော့ အရေးပေါ်အခြေအနေကြုံလာရင် မီးပြုပြင်လို့ရအောင် လျှပ်စစ်လမ်းကြောင်းလွှဲပေးတဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာက အရေးကြီးတာကြောင့် လူတွေ၊ တိရစ္ဆာန်တွေ အလွယ်တကူ နှောင့်ယှက်ဖျက်စီးနိုင်တာမျိုးတွေ မဖြစ်ရလေအောင် သေချာသော့ပိတ်ထားလေ့ရှိပါတယ်။

READ
အိမ်ယာမဲ့အမျိုးသမီးရဲ့ လက်ထဲမှာပင် မွေးကင်းစကလေးငယ်အအေးဒဏ်ကြောင့်သေဆုံး

ဒါပေမယ့် မီးရထားဝန်ထမ်းတွေက မိုဂျိနဲ့ ကိုကူရာဘူတာရုံကြားထဲမှာရှိတဲ့ disconnector switch ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ အထဲမှာ ပက်ကျိတစ်ကောင်က ဓာတ်လိုက်ပြီး သေနေတာကို တွေ့လိုက်ရပါတယ်။ ၀န်ထမ်းတွေအဖို့တော့ ပက်ကျိရဲ့ သေပုံသေနည်းက အဆန်းဖြစ်နေခဲ့တာပါ။ ဘာအကောင်ဗလောင်မှ လွယ်လွယ်ကူကူဝင်လို့မရအောင် ကြပ်ကြပ်တည်းတည်းပိတ်ထားတဲ့ ပုံးထဲကို ပက်ကျိဝင်လာတာကတော့ အံ့သြစရာဖြစ်လို့နေပါတယ်။

Shutterstock/ Marija Stepanovic

ဂျပန်နို်င်ငံတက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးကတော့ ပက်ကျိတွေဟာ ဘာလောက်ပဲ သေးကွေးတဲ့ ပြွန်ငယ်လေးထဲပဲဖြစ်ဖြစ် သူတို့ရဲ့ ခန္ဓာကိုယ်ကို ကျုံ့ပြီးဝင်နိုင်ကြတယ်လို့ ရှင်းပြခဲ့ပါတယ်။ အခုတွေ့ရတဲ့ အဖြစ်အပျက်မှာလည်း ပက်ကျိဟာ switch ပုံးရဲ့ အပေါက်သေးသေးလေးကနေ အထဲရောက်ပြီး ဓာတ်လိုက်သေသွားတာဖြစ်ပြီး သူ့ကြောင့် ရထားလမ်းတစ်ကြောင်းတွေက ဆားကစ်လေးတွေဟာ လျှပ်စစ်စီးမှုပြတ်တောက်သွားရတယ်လို့ ယူဆရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE