မကြာသေးခင်အချိန်က သေဆုံးသွားတဲ့ Bollywood သရုပ်ဆောင်မင်းသားကြီး Irrfan Khan ကိုတော့ တော်တော်များများ သိကြမှာပါ။ Bollywood ဇာတ်ကားတွေမှာ တွေ့ရခဲ့လှတဲ့ Irrfan Khan ဟာ လူသာသေဆုံးခဲ့ပေမယ့် နာမည် မသေဆုံးခဲ့ပါဘူး။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတိုင်းလိုလိုမှာ အပိုအလိုမရှိ သဘာဝကျကျနဲ့ ဆေးစက်ကျရာ စုတ်ချက်ထင်အောင်ကို သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသားကြီးတစ်ဦးပါပဲ။ ဒီလိုမင်းသားကြီးသေဆုံးခဲ့မှုအတွက် Bollywood ရုပ်ရှင်လောကသားတွေသာမက တစ်ကမ္ဘာလုံးက ရုပ်ရှင်ချစ်သူတွေအတွက်ပါ တကယ့်ကို ဝမ်းနည်းကြေကွဲစရာပါပဲ။
A star joins other stars in the sky. Thank you for everything, Irrfan Khan
“Death is as sure for that which is born, as birth is for that which is dead. Therefore grieve not for what is inevitable.”
― Bhagavad Gita pic.twitter.com/WKaOlgf4bi— Paulo Coelho (@paulocoelho) April 30, 2020
Irrfan Khan ဟာ ရုပ်ရှင်လောကမှာသာမက တကယ့်လက်တွေ့ရှင်သန်ရတဲ့ လူ့လောကကြီးမှာပါ အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Igatpuri လို့ အမည်ရတဲ့ ရွာလေးဟာလည်း Irrfan Khan ကြောင့် ပြောင်းလဲတိုးတက်လာခဲ့ရကြောင်း Stroypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Igatpuri လို့ အမည်ရတဲ့ ရွာကလေးဟာ လိုအပ်ချက်တွေရှိနေတဲ့ ရွာသေးလေးတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီဒေသက နိုင်ငံရေးသမားတစ်ယောက်နဲ့ Irrfan Khan တို့ မထင်မှတ်ပဲ တွေ့ဆုံခဲ့ရာမှာ Irrfan Khan တစ်ယောက် အဲဒီရွာကလေးရဲ့ အကြောင်းကို သိပြီး ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အရေးအကြောင်းတစ်ခုခုဆို သွားဖို့လာဖို့ ခက်ခဲလွန်းတဲ့ ရွာကလေးအတွက် မီးသတ်ကားတစ်စီး စတင်လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Irrfan Khan ဟာ အဆိုပါရွာကလေးကို သံယောဇဉ်ဖြစ်လာပြီး မကြာခဏဆိုသလို ရွာကိုရောက်ရောက်လာပြီး ရွာမှာ လိုအပ်တဲ့မှန်သမျှ ထောက်ပံ့ပေးခဲ့ပါတယ်။
ရွာကလေးကတော့ ဘယ်လောက်တောင်ခေါင်သလဲဆိုရင် အနီးဆုံးရုပ်ရှင်ရုံဆိုတာ ရွာနဲ့ ၃၀ ကီလိုမီတာဝေးပါတယ်။ ဒါပေမယ့် အဲဒီရုပ်ရှင်ရုံမှာ Irrfan Khan ဇာတ်ကားအသစ်တင်တိုင်း တစ်ရွာလုံးနီးပါးသွားကြည့်လေ့ ရှိပါတယ်။ ဒါ့အပြင် ရွာကကလေးတွေရဲ့ ပညာရေးအတွက်လည်း စာသင်ကျောင်းကြီးကို ဆောက်လုပ်ပေးခဲ့တဲ့အပြင် ကလေးတွေအတွက် စာရေးကိရိယာကအစ မိုးကာအဆုံး လိုအပ်သမျှ အကုန်ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလို Irrfan Khan သေဆုံးသွားတဲ့အပေါ် ရွာသားတွေက ယူကြုံးမရဖြစ်နေတဲ့အပြင် သူတို့ရဲ့ ရွာနာမည်ကို Irrfan Khan ကို ဂုဏ်ပြုတဲ့အနေနဲ့ Hero-chi-Wadi လို့ အမည်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာလိုဘာသာပြန်ရမယ်ဆိုရင်တော့ “သူရဲကောင်းရဲ့ အိမ်နီးချင်း” လို့ အမည်ရပါတယ်။
Pyi Hein Kyaw