စာချုပ်စည်းမျဉ်းချိုးဖောက်မှုအတွက် တရားစွဲခံထားရတဲ့ ဟောင်ကောင်မင်းသမီး စီစီလီယာချောင်

Instagram/CeciliaCheung

ကမ္ဘာကျော်ဟောင်ကောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ စီစီလီယာချောင်ကိုတော့ သူမရဲ့မူလအေးဂျင့်ဟောင်းက စာချုပ်စာတမ်းတွေရဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး တရားစွဲဆိုထားပါတယ်။ ချောင်ရဲ့နာမည်အပြည့်အစုံကတော့ Cecilia Cheung Pak-chi  ဖြစ်ပြီး၊ အသက်(၄၀)နှစ် ဖြစ်ပါတယ်။

သူမကို အေ့ဂျင့်ဟောင်းက ဒေါ်လာ (၂.၂)သန်းအထိ နစ်နာကြေး တောင်းဆိုထားပြီး၊ စာချုပ်နှစ်ခုကို ချိုးဖောက်ခဲ့တယ်လို့ အေးဂျင့်ဟောင်းက စွပ်စွဲထားတာပါ။ အဲဒီငွေပမာဏဟာ ဟောင်ကောင်ဒေါ်လာ (၁၂.၇၆)သန်းနဲ့ ညီမျှပါတယ်။

4年後 再拍電影“失控” 再加大帥哥TOP 😌

Posted by 張柏芝 cecilia cheung on Wednesday, June 15, 2016

ချောင်ဟာ သြဇီ-ဟောင်ကောင်ကပြားတစ်ဦးပါ။ သူမဟာ ယခင်က ကုမ္ပဏီဟောင်းဖြစ်တဲ့ AEG Entertainment Group Limited ရဲ့ စီစဉ်မှုနဲ့ ဇာတ်ကား(၃)ခုရိုက်ဖို့ တမင်ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ Yu Yuk-hing က တရားလိုပြုလုပ် တရားစွဲခဲ့တာလို့ သိရပါတယ်။

ချောင်ဟာ (၁၉၉၈)ခုနှစ်က ရိုက်ကူးခဲ့တဲ့ Lemon Tea ကြော်ငြာတစ်ခုကနေ နာမည်ကြီးလာခဲ့သူဖြစ်ပြီး၊ ကမ္ဘာကျော်မင်းသားကြီး စတင်ဖင်ချောင် (Stephen Chow Sing-chi) က သဘောကျကာ ဇာတ်ကားတွေ ရိုက်ကူးဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ချောင်ဟာ စတီဖင်ချောင်နဲ့အတူ King of Comedy ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ထိုစဉ်တုန်းကတော့ နိုက်ကလပ်မယ်လေးအဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။ (၂၀၀၆)ခုနှစ်မှာ နာမည်ကြီးအဆိုတော် Nicholas Tse Ting-fung နဲ့ လက်ထပ်ခဲ့ပြီး၊ (၂၀၁၁)ခုနှစ်မှာ သားနှစ်ယောက် ရပြီးချိန် ကွာရှင်းခဲ့ကြတာပါ။

ချောင်ဟာ (၂၀၁၁)နဲ့ (၂၀၁၂)ခုနှစ်မှာ AEG Entertainment Group Limited ကုမ္ပဏီနဲ့ စာချုပ်သစ်နှစ်ခု ချုပ်ဆိုခဲ့ပေမယ့် သူမဘက်က ဇာတ်ကား(၃)ကား ရိုက်ပေးဖို့ ပျက်ကွက်ခဲ့လို့ အခုလို နစ်နာမှုအတွက် အဆင့်မြင့်တရားရုံးကို တင်သည်အထိ ဖြစ်ခဲ့ရတာပါ။

တစ်ဖက်ရှေ့နေတွေရဲ့အဆိုအရ ချောင်ဟာ ကုမ္ပဏီနဲ့ (၈)နှစ်ကြာ လက်တွဲခဲ့သူဖြစ်ကြောင်း၊ (၈)နှစ်ကြာ လက်တွဲမှူးအတွင်းမှာ ချောင်ဟာ ဟောင်ကောင်ဒေါ်လာ (၄၂)သန်းအထိ အကျိုးအမြတ်ရရှိခဲ့ပါတယ်။ ဒါပေမယ့် မင်းသမီးဘက်က စာချုပ်တွေ ဆက်တိုက်ချိုးဖောက်ခဲ့လို့ လမ်းခွဲခဲ့ရပြီး အခုလိုတွေ ဖြစ်လာခဲ့တာပါ။

လင်းသူရိန်

SHARE