ဒေါ်လာ(၁.၂)သန်းတန်ကားကို ဓာတ်တိုင်နဲ့ ၀င်တိုက်ခဲ့တဲ့ F1 ပြိုင်ကားမောင်းသမားဟောင်း

Twitter/MotoringNomad

ဖော်မြူလာဝမ်း(Formula 1)ကားပြိုင်ပွဲတွေဆိုတာ အင်မတန်အန္တရာယ်များလှတဲ့ ပြိုင်ပွဲတွေဖြစ်ပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ချေများလှပါတယ်။ ဒီလိုဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တဲ့ Adrian Sutil ဆိုတဲ့ ဂျာမန်ကားမောင်းသမားတစ်ယောက်ကတော့ ပြိုင်ပွဲပြင်ပမှာ ဆိုးရွားတဲ့ ယာဉ်တိုက်မှုဖြစ်ခဲ့ပေမယ့် ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရကြောင်း The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဇူလိုင်လ(၂၆)ရက်နေ့က သူ စီးလာတဲ့ McLaren ကားနဲ့ ယာဉ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး လမ်းဘေးဓါတ်တိုက်ကို ဝင်တိုက်ကာ ခေါင်းခန်းတစ်ခုလုံး ကြေမွသွားခဲ့တာပါ။ ဒီလို ကားခေါင်းခန်းထိသွားပေမယ့်လည်း Adrian Sutil ဘာမှမဖြစ်သွားခဲ့ပါဘူး။ လုံးဝကို ပွန်းပဲ့ထိခိုက်ခြင်းမရှိဘဲ ကားထဲက ထွက်လာနိုင်ခဲ့ပြီး အသက်မသေခဲ့တာပဲဖြစ်ပါတယ်။

 

လူမှုကွန်ရက်စာမျက်နှာတွေမှာ တက်လာတဲ့ သတင်းတွေအရတော့ သူစီးလာတဲ့ McLaren  စူပါကားအဝါရဲ့ အခြေအနေက လုံးဝကို မရှု့မလှဖြစ်ခဲ့ပြီး တိုက်စဉ်က အင်မတန်အရှိန်ပြင်းထန်လှတယ်လို့ သိရပါတယ်။ ရှေ့အင်ဂျင်ခန်းတစ်ခုလုံးကကြေမွသွားခဲ့ပြီး ခေါင်းခန်းအထိ ထိခိုက်မှုတွေက ရောက်ရှိလာတာကို ပုံထဲမှာ မြင်တွေ့ရမှာပါ။ ဒီယာဉ်မတော်တဆမှုဟာ မော်ရိုကိုနိုင်ငံမှဖြစ်သွားခဲ့ခြင်းဖြစ်ပြီး  ကားထဲမှာ Adrian Sutil နဲ့ ဒရိုင်ဘာတစ်ယောက် ပါတယ်လို့ သိရပါတယ်။ Adrian Sutil ကတော့ သေကံမရောက် – သက်မပျောက်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ ဒရိုင်ဘာအခြေအနေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

 

အခုတိုက်မိလိုက်တဲ့ McLaren Senna LM မော်ဒယ်စူပါကားရဲ့ တန်ကြေးက ပေါင် ၁.၂ သန်းအထိ တန်ကြေးရှိပြီး အင်မတန်ချမ်းသာလွန်းတဲ့ လူတွေမှသာ ဝယ်စီးနိုင်တဲ့ ကားအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အခုအချိန် တစ်ကမ္ဘာလုံးမှာ  McLaren Senna LM မော်ဒယ်ကား (၂၄) စီးသာရှိပြီး အဲဒီထဲက (၆) စီးလောက်သာ အခုလို အဝါရောင်ဒီဇိုင်းမျိုး ထုတ်လုပ်ထားတာပါ။

McLaren Senna LM ကားရဲ့ ဒီဇိုင်းအနေအထားက ၁၉၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ McLaren F1 LM မော်ဒယ်ရဲ့ပုံစံကို ပြန်မှီငြမ်းထားတာဖြစ်ပြီး ဖော်မြူလာဝမ်းအကျော်အမော် Ayrton Senna ရဲ့ နာမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ McLaren Senna LM လို့ အမည်ပေးထားတာပဲဖြစ်ပါတယ်။

McLaren Senna LM ကားထဲက တကယ့်ဇိမ်ခံကားစစ်စစ်ထဲဖြစ်ပြီး ကားအတွင်းပိုင်းမှာ  ရွှေစစ်စစ်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ – ၂၄ ကာရက်ရှိတဲ့ စိန်တွေစီထားတဲ့ engine bay တွေ ပါဝင်သေးပါတယ်။ Adrian Sutil ဟာ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ ၇ နှစ်လောက်ကြာအောင် မောင်းနှင်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး နာမည်ကောင်းတွေ ရရှိထားတဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

Ye Yint Kyaw

SHARE