ဆရာ(၁၄)ယောက်နဲ့ (၂၅)နှစ်တာ ယာဉ်မောင်းသင်ပြီးမှ လိုင်စင်အောင်ခဲ့တဲ့ အမျိုးသား

ပထမအကြိမ်ကြိုးစားလို့ မအောင်မြင်တဲ့အခါ အထပ်ထပ်အခါခါ ကြိုးစားဖို့ လူတွေကဆိုကြပေမယ့် လက်တွေ့မှာ ခက်ခဲပါတယ်။ စိတ်ပျက်အားလျော့တတ်တဲ့ သူတွေဆိုရင် နှစ်ကြိမ် သုံးကြိမ်ကြိုးစားလို့ ကြိုးစားမှုရလဒ်က အရာမထင်လာတဲ့အခါ ချက်ခြင်းပဲ လုပ်လက်စအလုပ်ကို စွန့်ခွာတတ်ကြပါတယ်။ စာဖတ်သူလည်း ကိုယ်လုပ်နေတဲ့အလုပ်က မအောင်မြင်ဘူး၊ ဆုံးရှုံးမှုတွေနဲ့ လတ်တလော ရင်ဆိုင်နေရတယ်ဆိုရင် ခရစ်ရှန်ဝှိုက်တလေရဲ့ အဖြစ်လေးကို ပြန်အမှတ်ရဖို့ မမေ့ကြနဲ့နော်။

(Image: PA)

အသက်(၄၂)နှစ်အရွယ် ခရစ်ရှန်ဟာ အင်္ဂလန်နိုင်ငံ ရော့ခ်ရှိုင်းယားတောင်ပိုင်းမှာနေထိုင်သူ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ခရစ်ရှန်မှာ အတုယူစရာကောင်းတဲ့အချက်တစ်ခုက ဇွဲမလျော့တတ်တာပါပဲ။ ခရစ်ရှန်ဟာ ယာဉ်မောင်းလိုင်စင်ရဖို့ (၂၅)နှစ်တာ ကြိုးပမ်းးခဲ့ရပါတယ်။ ယာဉ်မောင်းလိုင်စင်ရဖို့ကြိုးစားနေစဉ်မှာ ယာဉ်မောင်းသင်ဆရာ(၁၄)ဦးအထိ ရှိခဲ့ပြီး ပေါင်(၁)သောင်းကျော် ကုန်ကျခဲ့ပါတယ်။

(၁၉၉၂)ခုနှစ်မှာ ပထမဆုံးယာဉ်မောင်း လိုင်စင်ဖြေဆိုခဲ့ပါတယ်။ ခရစ်ရှန်က “ကျွန်တော်လိုင်စင် ဖြေရတဲ့နေရာမှာ  ယာဉ်မောင်းစစ်တဲ့ အမျိုးသမီးတစ်ဦးရှိတယ်။ အဲ့ဒီအမျိုးသမီးက ခပ်ဆိုးဆိုးပဲ။ ကျွန်တော်ဖြေတိုင်း သူနဲ့တွေ့ပြီး လိုင်စင်ကျတာပဲ။” လို့ပြောပြပါတယ်။ ခရစ်ရှန်ရဲ့ ဦးဆုံးယာဉ်မောင်းသင်ဆရာကလည်း ခရစ်ရှန်ကို ယာဉ်မောင်းလိုင်စင်ဖြေဖို့ အောင်မှာမဟုတ်ဘူးလို့ ဆိုခဲ့တဲ့အပြင် မိသားစုဝင်တွေကပါ စိတ်ပျက်အားလျော့စရာ စကားတွေပြောဆိုခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်အရောက လိုင်စင်(၃၂)ကြိမ်လောက် ဖြေပြီးတဲ့အခါ ခရစ်ရှန်ဟာ တော်တော်လေး စိတ်ဓာတ်ကျလာခဲ့ပြီး လိုင်စင်ဆက်မဖြေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

READ
ဘ၀ပျက်ခါနီး အခြေအနေကို လူမှုရေးလုပ်ငန်းနဲ့ တွန်းလှန်ပစ်ခဲ့တဲ့ MMA သမား
(Image: PA)

အသက်(၄၀)ပြည့်တဲ့ အခါမှာ ခရစ်ရှန်ဟာ အလုပ်ကိစ္စကြောင့် ယာဉ်မောင်းလိုင်စင်ပြန်ဖြေဖို့ ဆန္ဒပြန်ပေါ်လာခဲ့ပါတယ်။ ခရစ်ရှန်ရဲ့ အလုပ်ဟာ အသွားအပြန်ဝေးလွန်းတဲ့အတွက် နေ့တိုင်းတက္ကစီ စီးဖို့ကလည်း မလွယ်၊ ယာဉ်မောင်းငှားဖို့ကလည်း စရိတ်မကာမိတာကြောင့် ယာဉ်မောင်းသင်ဖို့ ပြန်ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ် ကြိုးစားပြီး လိုင်စင်ပြန်ဖြေတဲ့အခါမှာတော့ ခရစ်ရှန်ဟာ လိုင်စင်အောင်မြင်သွားခဲ့ပါတယ်။

Mirror

ခရစ်ရှန်က သူယာဉ်မောင်းလိုင်စင် ပြန်ဖြေတာနဲ့ပတ်သက်လို့ လူတော်တော်များများက ပြက်ရယ်ပြုခဲ့ပေမယ့် လိုင်စင်အောင်ဖို့ ဆန္ဒကိုတော့ ဇွဲမလျော့ခဲ့ကြောင်း ပြောပြပါတယ်။ နှစ်ပေါင်းများစွာ ယာဉ်မောင်းလိုင်စင်ကို အကြိမ်ပေါင်း(၃၃)ကြိမ်လောက် ဖြေဆိုခဲ့ပြီးတဲ့နောက်မှာတော့  ခရစ်ရှန်ရဲ့ မလျော့တဲ့လုံ့လက အနိုင်ရရှိသွားတာပဲဖြစ်ပါတယ်။ ခရစ်ရှန်က သူ့အဖြစ်ကိုစံထားပြီး ယုံကြည်ချက်ကို ဘယ်တော့မှ လက်မလျော့သင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Mirror, Unilad

SHARE