ဒီရေကိုအန်တုပြီး အလယ်ခေါင်မှာအထီးတည်းရှိနေတဲ့ ထိုင်းနိုင်ငံကရေပေါ်ဘုန်းကြီးကျောင်း

ပင်လယ်ဒီရေဟာ ဘုန်းကြီးကျောင်းနားတစ်ဝိုက်ကို တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပေမယ့် ထိုင်းဘုန်းကြီး Somnuek Atipanyo ကတော့ ကျောင်းကနေ စွန့်ခွာသွားဖို့ စိတ်မကူးခဲ့ပါဘူး။ ယနေ့အချိန်မှာတော့ ၄င်းရေပေါ်ဘုန်းကြီးကျောင်းဟာ ထိုင်းနိုင်ငံရဲ့ ဒီရေအလျင်အမြန်တိုက်စားခံနေရတဲ့ ကမ်းရိုးတန်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ တွန်းအားဖြစ်စေတဲ့ သင်္ကေတတစ်ခု ဖြစ်နေပါပြီ။

AFP

ရာသီဥတုပြောင်းလဲမှုကြောင့်ရယ်၊ လယ်မြေတွေ ပျောက်ပြီး စက်မှုဇုန်တွေ ဖြစ်လာတာတွေရယ်ကြောင့် ထိုင်းနိုင်ငံ ပင်လယ်ကွေ့ရဲ့ ကမ်းရိုးတန်းတွေဟာ ဘေးသင့်လာပါတယ်။ ရလဒ်အနေနဲ့ ကမ်းရိုးတန်းထိန်းသိမ်းမှုမှာ အရေးပါလှတဲ့ လမုပင်တွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့ပြီး ဘုန်းကြီးကျောင်းဟာလည်း ပင်လယ်ရေတွေ ၀ိုင်းလျက် ကျန်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ်းပါးတွေ ပြိုပြီး ရေတွေဝင်လာတာကြောင့် Samut Chin တံငါရွာလေးရဲ့ ရွာနီးချုပ်စပ်တွေမှာဆိုရင် ကုန်းတွင်ပိုင်းကို ရွာလုံးကျွတ် ရွှေ့ပြောင်းရတဲ့အထိတွေ ဖြစ်ခဲ့ရပါတယ်။

ရေပေါ်ဘုန်းကြီးကျောင်းက အသက်(၅၁) အရွယ် ကျောင်းထိုင်ဘုန်းကြီး Somnuek  က အခုရေတွေဖုံးနေပေမယ့် ရေတက်ခင်အချိန်က စာသင်ကျောင်းလေး ရှိခဲ့တဲ့ နေရာကို ညွှန်ပြပြီး ဘုန်းကြီးကျောင်းဟာလည်း အရင်တုန်းက ရွာလယ်မှာ တည်ထားတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ရေပေါ်ကျောင်းကလေးကိုတော့ တံတားလေးတစ်ခုကနေ သွားနိုင်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ နိုင်ငံ(၉)နိုင်ငံ
AFP

အရင်တုန်းက ဒီလိုကမ်းရိုးတွေမှာ လမုပင်ကြီးတွေက ကာဆီးထားပြီး ထိုင်းပင်လယ်ကွေ့ဟာ ကမ္ဘာပေါ်မှာ လမုပင်တွေကို အများဆုံးစိုက်ပျိုးထားနိုင်တယ်ဆိုပြီး ကြွားလုံးထုတ်တဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။ လမုပင်တွေဟာ သူတို့ရဲ့ အမြစ်တွေနဲ့ ကမ်းကို အလွယ်တကူ ဒီရေတိုက်စားတာ မခံရအောင် အကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဒီလောက်အဖိုးတန်လှတဲ့ လမုပင်ကြီးတွေဟာ လက်ရှိမှာတော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။

အစိုးရကတော့ ရေပေါ်ဘုန်းကြီးကျောင်းလေးရှိရာ အနီးအပါးနဲ့ အခြားရေတိုက်စားရာနေရာတွေမှာ လမုပင်တွေ ပြန်လည်စိုက်ပျိုးဖို့ အစီအစဉ်တွေ အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ ပုံထဲမှာတော့ ရင်လောက်ရှိတဲ့ ရေအနက်ထဲကို ဆင်းပြီး လမုပင်စိုက်နေတဲ့ လုပ်အားပေးတစ်ယောက်ကို မြင်ရမှာပါ။ ဘေးပတ်ပတ်လည်မှာ ရေတွေဝိုင်းနေပေမယ့်ဘုန်းကြီးကျောင်းတစ်ခုပဲ ရေပေါ်တင်ကျန်နေတဲ့အတွက် ဘုန်းတော်ကြီး Somnuek ရဲ့ ရေပေါ်ကျောင်းဆီကို ကမ္ဘာလှည့်ခရီးသည်တွေကတော့ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: nationmultimedia

SHARE