ကယ်လီဖိုးနီးယားမြောက်ပိုင်း ဆန်ဖရန်ဆစ္စကိုမြို့နားက တောအုပ်အလယ်မှာ သစ်သားနဲ့ဆောက်လုပ်ထားတဲ့ မှိုအိမ်သေးသေးလေးဟာ AirBnb ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ အငှားရမ်းရဆုံး အိမ်လေးဖြစ်နေပါတယ်။ အိမ်လေးရဲ့ ပိုင်ရှင်တွေကတော့ ကစ်တီနဲ့ မိုက်ကယ်ဆိုသူ စုံတွဲတစ်တွဲပါ။ ၄င်းမှိုအိမ်လေးဟာ (၂၀၀၉) ခုနှစ် ဇူလိုင်ကတည်းကစလို့ အွန်လိုင်းပေါ်တင်ခဲ့ရာမှာ မှိုအိမ်လေးထဲ ငှားရမ်းနေလိုသူတွေ များလာခဲ့တာ ဖြစ်ပါတယ်။


ရှုပ်ထွေးတဲ့ မြို့ပြဆီကနေ တစ်ညတာခွဲခွာပြီး တောအုပ်အလယ်မှာ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး အပန်းဖြေလိုသူတွေအတွက်တော့ ဒီအိမ်လေးက အကောင်းဆုံးဖြစ်လို့ နေပါတယ်။ အိမ်လေးရဲ့ တည်နေရာရယ်၊ အပြင်ပုံပန်းသဏ္ဍာန်ရယ်၊ ပြီးတော့ အတွင်းပိုင်း အပြင်အဆင်တွေကြောင့် မှိုအိမ်လေးဟာ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ ဧည့်သည်အများဆုံး လာရောက်တည်းခိုတဲ့ အိမ်လေးဖြစ်နေပါပြီ။ အိမ်လေးမှာ တည်းခိုလိုသူတွေ များတာကြောင့် ယခုနှစ် အောက်တိုဘာအထိကို ဘွတ်ကင်ပြည့်နေပါပြီ။



အိမ်လေးထဲမှာတော့ (၃) ယောက်လောက် ကောင်းကောင်းအိပ်နိုင်ပါတယ်။ လာရောက်တည်းခိုဖူးတဲ့သူတွေကလည်း မှိုအိမ်လေးရဲ့ သပ်ရပ်သန့်ရှင်းပုံ၊ ပေးရတဲ့ ငွေနဲ့ တန်တဲ့ အိမ်အပြင်အဆင်၊ နေရာအနေအထားတွေကို သဘောကျကြောင်း ရီဗျူးတွေ ပေးထားပြီး ကြယ်(၅) ပွင့်အဆင့်ရှိတဲ့ တည်းခိုအိမ်လေးပဲ ဖြစ်ပါတယ်။ အိပ်ခန်းမကြီးမှာတော့ နှစ်ယောက်အိပ်မွေ့ရာတစ်ခုနဲ့ (၃၂) လက်မ ဖလက်တီဗီပါဝင်ပါတယ်။ နောက်ပြီးတော့ လူပိုတစ်ယောက် ကောင်းကောင်းအိပ်နိုင်တဲ့ ခေါက်ဆိုဖာကုတင်လေးတစ်လုံးလည်း ရှိပါတယ်။


တောအုပ်ကြီးအလယ်မှာ ရှိပေမယ့် အိမ်လေးမှာ အင်တာနက်မရမှာလည်း မပူရပါဘူး။ Wifi ရှိတဲ့ အပြင် ရေခဲသေတ္တာ၊ ပေါက်ပေါက်ဖောက်စက်နဲ့ ကော်ဖီဖျော်စက်တွေလည်း ရှိပါတယ်။ အိမ်လေးကို လာရောက်တဲ့ဧည့်သည်တွေဟာ အိမ်ပြင်မှာလည်း ဘာဘီးကျူးတွေ ကင်စားနိုင်ပါသေးတယ်။ ၄င်းမှိုအိမ်လေးမှာ တည်းခိုသူတွေဟာ သဘာဝရဲ့ အငွေ့အသက်တွေကို ရမယ့်အပြင် လေကောင်းလေသန့်တွေ ရှူဖို့ကလည်း အဆင်သင့်ပါပဲ။ ကမ်းခြေလေးတစ်ခုက မှိုအိမ်လေးနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိပါသေးတယ်။


အိမ်ကလေးမှာ အထူးခြားဆုံးလို့ ပြောရလောက်တဲ့ ထူးခြားချက်လေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ မှန်သားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်အမိုးခုံးလေးပါ။ ဒါကြောင့် ညဘက်ရောက်တဲ့အခါ မှန်လိုကြည်နေတဲ့ အိမ်အမိုးကနေ ထွင်းဖောက်ပြီး ကြယ်တွေကို မြင်ရမှာပါ။ သစ်တောအလယ်မှာ ကြယ်တွေကို ရေတွက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ အရသာက ဘာနဲ့မှ လဲလို့မရမှာ အမှန်ပါပဲ။


မှိုအိမ်လေးထဲမှာ တည်းခိုခဲ့ဖူးသူတစ်ယောက်ကတော့ “မှိုအိမ်လေးက တကယ့်ကို ကောင်းတဲ့ အိမ်ကလေးပဲဗျာ။ တကယ်လို့ ခင်ဗျားက စနေ၊တနင်္ဂနွေ ပိတ်ရက်မို့လို့ အနားယူဖို့ နေရာရှာနေတယ်ဆိုရင်တော့ အဲဒီကို သွားကြည့်ပါ။ သဘာဝကို ချစ်တဲ့ သူတွေအတွက် အဲဒီနေရာလေးက သင့်တော်တယ်။ နေရာလေးရော၊ အိမ်လေးရော အားလုံး အပြစ်ပြောစရာမရှိပါဘူး။ ကျွန်တော်တို့က အဲဒီမှာ အိမ်ပြင် ၀ရန်တာလေးမှာထွက်ပြီး စားသောက်ရတာ ကြိုက်တယ်။ မနက်မိုးလင်းတဲ့အခါ ငှက်တွေတေးဆိုတာကို နားထောင် သူတို့ကို ကြည့်ပြီး ကော်ဖီသောက်ရတဲ့အရသာက သိပ်ကောင်းတာပဲ….” လို့ ဆိုခဲ့ပါတယ်။ မှိုအိမ်လေးရဲ့ တည်းခို အခန်းခကတော့ တစ်ညကို ဒေါ်လာ(၁၃၀) ဖြစ်ပြီး တည်းခိုချင်တယ်ဆိုရင်တော့ (၅) လ လောက်ကြိုပြီး ပိုက်ဆံသွင်း၊ စာရင်းပေးထားရမှာဖြစ်ကြောင်း သိရပါတယ်။
လင်းလင်း (ShweMom)
Ref: dailymail