အလုပ်သမားတွေကို ဒေါ်လာ(၁) သောင်းပေးပြီး အလုပ်ထွက်ခိုင်းနေတဲ့ အမေဇုန်ကုမ္ပဏီ

Amazon.com ဟာ အမှာပစ္စည်းတွေကို ထုတ်ပိုးပေးနေတဲ့ ထောင်ပေါင်းများစွာသော ၀န်ထမ်းတွေနေရာမှာ စက်တွေကို အစားထိုးအသုံးပြုသွားတော့မယ်လို့ သိရပါတယ်။ ပစ္စည်းတွေကို ပါကင်ပိတ်ပြီး အမှာနေရာဆီပို့ဆောင်ဖို့ တစ်ခါတည်းအဆင်သင့်ဖြစ်တဲ့အထိပြုလုပ်နိုင်တဲ့ အဆင့်မြင့်နည်းပညာတွေသုံးထားတဲ့ စက်တွေကို မကြာသေးခင် နှစ်အနည်းငယ်လောက်ကမှ လက်တစ်ဆုပ်စာလောက်ရှိတဲ့ အမေဇုန်ပစ္စည်းသိုလှောင်ရုံတွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၎င်းနည်းစနစ်မှာ အမှာပို့ရမယ့် ပစ္စည်းနံပတ်တွေကို လူတစ်ယောက်က ဘားကုဒ်ဖတ်ပြီး စက်ခါးပတ်ထဲကို ထည့်လိုက်ပါတယ်။ ဒီအခါ စက္ကန့်အနည်းငယ်အချိန်လေးအတွင်းမှာပဲ ထည့်လိုက်တဲ့ပစ္စည်းကို စက်ဟာ အလိုအလျောက်ပါကင်ထုတ်ပိုးပေးတာ ဖြစ်ပါတယ်။ စက်တွေကို CartonWrap လို့ခေါ်ပြီး အီတလီစက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CMC Srl ကနေ တင်သွင်းတာ ဖြစ်ပါတယ်။

CM Machinery

CartonWrap တွေဟာ တစ်နာရီကို ပါကင်သေတ္တာပေါင်း (၆၀၀-၇၀၀) ကြား ထုတ်ပိုးပေးနိုင်ပြီး လူ့လုပ်အားထက် ၄ဆ ၅ဆ လောက် လျင်မြန်တယ်လို့ သိရပါတယ်။ ဒီစနစ်မှာတော့ အမှာစာပစ္စည်းတွေကို စက်ထဲ ထည့်ပေးမယ့် လူတစ်ယောက်၊ သေတ္တာတွေကို ကော်ကပ် အမှတ်အသားလုပ်ပေးမယ့် လူတစ်ယောက်နဲ့ စက်မှာ ရံဖန်ရံခါချို့ယွင်းချက်ရှိတဲ့အခါ ပြင်ဆင်ပေးဖို့ ပညာရှင်တစ်ယောက်သာ လိုအပ်မယ်လို့ ဆိုပါတယ်။

READ
(၈) နှစ်ကတည်းက ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်နေခဲ့တဲ့ ကောင်မလေး

အမေဇုန်ဟာ ပစ္စည်းသိုလှောင်ရုံ (၂) ခုမှာ ၄င်းစက်ကြီးတွေကို တပ်ဆင်မှာဖြစ်ပြီး ၄င်းသိုလှောင်ရုံတစ်ရုံဆီမှာ အလုပ်ရှိနေကြတဲ့ အလုပ်နေရာပေါင်း (၂၄) နေရာကို ဖယ်ရှားဖို့ စဉ်းစားထားပါတယ်။ ပုံမှန်ဆိုရင်တော့ ၄င်းပစ္စည်းသိုလှောင်ရုံကြီးတွေမှာ လူပေါင်း(၂,၀၀၀) ကျော်ကို ခန့်ထားလေ့ ရှိပါတယ်။ အမေဇုန်ကတော့ စက်ကြီးတွေရဲ့ အကူအညီကြောင့် ဖောင်းပွနေတဲ့ ၀န်ထမ်းဦးရေတွေ လျှော့ချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

CM Machinery

အလုပ်ထွက်တဲ့ ၀န်ထမ်းတစ်ယောက်ကို (၃)လစာ လုပ်ခငွေ ပေးသွားမယ့်အပြင် တကယ်လို့ ၀န်ထမ်းအနေနဲ့ ကုမ္ပဏီကထွက် အမေဇုန်ပစ္စည်းအမှာတွေကို ဖြန့်ဖြူးပို့ဆောင်ပေးတဲ့ စီးပွားရေးလုပ်ချင်တယ်ဆိုလည်း ကူညီပေးမှာဖြစ်တဲ့အကြောင်း အမေဇုန်က ကြေညာခဲ့ပါတယ်။ ဒီအတွက် ကုမ္ပဏီဟာ ဒေါ်လာ(၁) သောင်း မတည်ပံ့ပိုးပေးမှာ ဖြစ်ပြီး အမေဇုန်ရဲ့ ပစ္စည်းဖြန့်ဖြူးတင်ပို့တဲ့ အပြာရောင်ကားတွေကိုပါ ငှားရမ်းအသုံးပြုခိုင်းမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE