သရုပ်ဆောင်အလုပ်ကနေ အနားယူချင်ပြီလို့ ဆိုလာခဲ့တဲ့ အမီတာဘဂျမ်း

Instagram/AmitabhBachan

ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ကြယ်ပွင့်ကြီးတစ်ယောက်ဖြစ်တဲ့ အမီတာဘဂျမ်း ဟာ သူ သရုပ်ဆောင်လုပ်ငန်းတွေကနေ အနားယူချင်နေပြီလို့ ဆိုလာပါတယ်။ သူ ဒီလို အနားယူဖို့ လိုအပ်နေပြီ၊ အနားယူချင်နေပြီလို့ သူ့ရဲ့ Personal Blog တွေမှာ မကြာခဏ ရေးနေခဲ့တာ ကြာပါပြီ။

အမီတာဘဂျမ်း ဟာ ၁၉၆၉ ခုနှစ်က ရိုက်ကူးတဲ့ Saat Hindustani ထဲမှာ ပါဝင်လာပြီး ရုပ်ရှင်လောကကို ဝင်ရောက်လာခဲ့သူပါ။ Saat Hindustani ဟာ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားပါ။ ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ နီးပါးကျင်လည်ပြီး ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ အမီတာဘဂျမ်း ဟာ ရုပ်ရှင်လုပ်ငန်းတွေကနေ အနားယူဖို့ လိုအပ်နေပြီလို့ ဆိုလာခဲ့ပါတယ်။

 

အခုလောလောဆယ်တော့ အမီတာဘဂျမ်းဟာ ဥရောပနိုင်ငံတွေမှာ အလည်အပတ်ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ရက်တွေတုန်းက ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ ပွဲတစ်ပွဲကို တက်ရောက်ခဲ့ပါတယ်။

သူအနားယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင် Blog မှာ အခုလို  ရေးထားခဲ့ပါတယ်။

“ခရီးရှည်တစ်ခုကို ဖြတ်သန်းသွားလာရမှာ လမ်းခုလတ်မှာ အနားယူစရာရှိခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ၁၂ နာရီနီးပါးလောက် လမ်းပေါ်မှာ ကားမောင်းလာရပြီးနောက်မှာ ကူညီပေးခဲ့ကြတဲ့ ကားကို ပြုပြင်ပေးခဲ့သူတို့၊ လမ်းခရီးကို ချော့မွေ့အောင် လုပ်ပေးခဲ့တဲ့သူတွေ၊ ချစ်ခြင်းမေတ္တာတွေကြောင့်ပါ”လို့ ရေးသားထားခဲ့ပါတယ်။

“ငါ အနားယူသင့်နေပါပြီ။ ဦးခေါင်းက တခြားအကြောင်းအရာတစ်ခုကို စဉ်းစားနေပြီး လက်ကတော့……အဲဒါက သတင်းစကားတစ်ခုပဲ”လို့ မင်းသားကြီးအမီတာဘဂျမ်းကရေးခဲ့ပါတယ်။

Instagram/AmitabhBachan

ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမီတာဘဂျမ်းဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယမြောက်ပိုင်း ဥတာပရာဒေ့ရှ် ပြည်နယ်က အကြွေးဒဏ်ပိနေတဲ့ လယ်သမားတွေရဲ့ ကြွေးမြီတွေကို စိုက်ဆပ်ပေးခဲ့ပါသေးတယ်။

မင်းသားကြီးအမီတာဘဂျမ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ရုပ်ရှင်လောကကို ဝင်ရောက်လာတာ နှစ်ပေါင်း ၅၀ ပြည့်ခဲ့တာပါ။ သူ့ရဲ့ သားဖြစ်သူ  Abhishek Bachchan ကတော့ သူ့ဖခင်ဖြစ်သူ အမီတာဘဂျမ်းအတွက် ဆုမွန်ကောင်းများ တောင်းခဲ့ပါသေးတယ်။

Ye Yint Kyaw

SHARE