၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြင်သစ်အသင်း ဆွတ်ခူးသွားခဲ့ပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာရှိတဲ့ နာမည်ကျော်တွေက ပြင်သစ်အသင်းအတွက် ဂုဏ်ယူကြောင်းကို သူတို့ရဲ့ လူမှုကွန်ယက်တွေမှာ ရေးသားခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီထဲမှာမှ ရှားရှားပါးပါး တစ်ယောက်ကတော့ ပြင်သစ်အသင်းကို လှောင်ပြောင်တဲ့ပုံစံမျိုးနဲ့ ဂုဏ်ပြုမိလို့ ပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရတာပါ။

အဲဒါကတော့ အိန္ဒိယရဲ့နာမည်ကျော်မင်းသားကြီး အမီတာဘတ်ချန်းပဲဖြစ်ပြီး အသက် (၇၅) နှစ်အရွယ် မင်းသားကြီးဟာ သူ့ရဲ့တွစ်တာအကောင့်ကနေ ပြင်သစ်အသင်းအတွက် အငြင်းပွားဖွယ် မှတ်ချက်တစ်ခုကို ရေးသားသွားခဲ့တာပါ။
အမီတာဘတ်ချန်းက ၂၀၁၈ ကမ္ဘာ့ဖလားကို အာဖရိကအသင်း ဆွတ်ခူးသွားခဲ့ပြီလို့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့တာဖြစ်ပြီး ပြင်သစ်အသင်းမှာ အာဖရိကန်နွယ်ဖွား ကစားသမားတွေ အများအပြားပါဝင်နေမှုကို လှောင်ပြောင် မေးခွန်းထုတ်လိုက်တဲ့ သဘော သက်ရောက်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပရိသတ်တွေကတော့ ဒါဟာ အသားအရောင်ခွဲခြားတဲ့ ကိစ္စဖြစ်တယ်လို့ ထင်နေကြပြီး အမီတာဘတ်ချန်းရဲ့ မှတ်ချက်စကားကို ပြန်လည်တုန့်ပြန်ခဲ့ကြပါတယ်။

တကယ်တော့ အမီတာဘတ်ချန်းရဲ့ သုံးသပ်ချက်ကလည်း မှားတယ်လို့ ပြောလို့မရပါဘူး။ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းက ရွေးချယ်ခဲ့တဲ့ ကစားသမား (၂၃) ယောက်မှာ (၁၆) ယောက်က အာဖရိကန်နွယ်ဖွား ကစားသမားတွေဖြစ်ကြပြီး မော်ရိုကို၊ အန်ဂိုလာ၊ ကင်မရွန်း စတဲ့နိုင်ငံတွေကနေ မွေးဖွားလာခဲ့ကြသူတွေပါ။
ဒါပေမယ့် တွစ်တာသုံးစွဲသူတွေကတော့ ဘယ်လိုအသားအရောင်ပဲဖြစ်ပါစေ သူတို့က ပြင်သစ်နိုင်ငံသား ဖြစ်နေကြတာကြောင့် အာဖရိကန်လို့ မသတ်မှတ်သင့်တော့ဘူးလို့ ပြန်လည်တုန့်ပြန်ကြပါတယ်။

တချို့ကလည်း အမီတာဘတ်ချန်းလို နာမည်ကြီးတစ်ယောက်ကတောင် ဒီလိုအမြင်မျိုးရှိနေလို့ အိန္ဒိယပြည်ကြီး မတိုးတက်တာဆိုပြီး ရေးသားကြပါသေးတယ်။
၁၉၉၈ ခုနှစ်၊ ပြင်သစ်အသင်း ကမ္ဘာ့ဖလားရရှိခဲ့တုန်းကလည်း အယ်လ်ဂျီးရီးယားမိဘနှစ်ပါးက ပေါက်ဖွားလာခဲ့တဲ့ ဇီဒန်း နဲ့ နောက်ခံလူ သူရမ် တို့ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။
Linn
Source : rvcj.com