ပညာရှင်လူကြီးတွေတောင် မနာလိုဖြစ်ရမယ့် (၁၁) နှစ်အရွယ် ကောင်လေးရဲ့ ပန်းချီလက်ရာ

Kareem Waris Olamilekan ဟာ အသက်(၁၁) နှစ်သာ ရှိသေးပေမယ့် အနုပညာအကယ်ဒမီမှာ ပညာလေ့လာဆည်းပူးခွင့်ရရှိခဲ့တဲ့ လူငယ်လေးပါ။ Kareem ဟာ ကမ္ဘာပေါ်က အကောင်းဆုံးပန်းချီပြခန်းတွေထဲမှာ ပြသဖို့ ထိုက်တန်တဲ့ အံ့မခန်းပန်းချီကားတွေကို ရေးဆွဲနေသူလေး ဖြစ်ပါတယ်။ သူ့ကို နိုင်ဂျီးရီးယားနိုင်ငံမှာ သမရိုးကျမိသားစုတစ်စုကနေ မွေးဖွားခဲ့တာပါ။ အသက်(၆) နှစ်အရွယ်မှာ ပန်းချီစတင်ရေးဆွဲခဲ့ပြီး ထိုစဉ်ကတည်းက စလို့ ပန်းချီကို အရမ်းဝါသနာပါလာခဲ့သူပါ။

© kareem waris / instagram

အသက်(၈) နှစ်မှာတော့ Kareem တို့မိသားစုဟာ အိမ်ပြောင်းလာခဲ့ရာမှ အနုပညာအကယ်ဒမီမှာ ကျောင်းတက်နေတဲ့ အိမ်နီးချင်း ကျောင်းသားတစ်ယောက်နဲ့ ဆုံပြီး ပညာသင်ယူလိုစိတ်တွေ တဖွားဖွားပေါ်လာခဲ့ပါတယ်။ Kareem ဟာ သူရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို အကယ်ဒမီကျောင်းက ဆရာဆီပြသခဲ့ရာမှ ပါရမီရှင်လေး Kareem ဟာ ကျောင်းဝင်ခွင့်ရပြီး ပရိုဖက်ရှင်ပန်းချီပညာရှင်တစ်ဦးအဖြစ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

© kareem waris / instagram

သူ့လက်ရာတွေကို ကြည့်လိုက်ရင် အသက်(၁၁) နှစ်သားက ဆွဲထားတာ ဟုတ်ရဲ့လားလို့တောင် သံသယ၀င်စရာပါ။ အရင်ပန်းချီဆွဲစတုန်းကတော့ သူက စာအုပ်တွေ၊ သတင်းစာတွေမှာပါတဲ့ ဇာတ်ကောင်လေးတွေကို ကူးရေးဆွဲလေ့ရှိပါတယ်။ သူအကြိုက်ဆုံးကတော့ ပုံတူရေးဆွဲတာဖြစ်တယ်လို့ ဆိုပါတယ်။ Kareem က သူ့ပတ်ဝန်းကျင်မှာရှိသမျှ အရာအားလုံးကို ပန်းချီအဖြစ် ဖန်တီးပါတယ်။ အထူးသဖြင့် သူ့မိသားစုရုပ်ပုံတွေကို ရေးဆွဲလေ့ရှိပါတယ်။

READ
အပေါ်ကိုမော့ကြည့်လို့ညောင်းရင် အောက်ကိုလည်းငုံ့ကြည့်ပါ။
© kareem waris / instagram

အခုဆိုရင် Kareem ဟာ ကျော်ကြားတဲ့ ပန်းချီပညာရှင်ပေါက်စလေးဖြစ်နေပြီး သူ့အင်စတာဂရမ်မှာဆိုရင် ပရိသတ်ပေါင်း(၃) သောင်းရှိပါတယ်။ ဒီပုံလေးကတော့ သူအနှစ်သက်ဆုံး ပန်းချီကားလေးဖြစ်ပါတယ်။ ပုံထဲမှာကတော့ ကောင်လေးတစ်ယောက်ဟာ ဇွန်းနဲ့ တစ်စုံတစ်ခုကို စားနေတာဖြစ်ပါတယ်။ ပန်းချီကားထဲက ကောင်လေးရဲ့ မျက်နှာမှာတော့ ချွေးနဲ့ မျက်ရည်တွေ အပြည့်ဖြစ်နေတာပါ။ သူ့ရဲ့ ပါရမီအကြောင်းနဲ့ စပ်လျဉ်းလို့ Kareem က “ကျွန်တော်တို့မိသားစုက စားစရာရဖို့အတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတယ်။ ဒါကြောင့်လည်း ပိုကြိုးစားဖြစ်တာပါ။” လို့ ပြောပြပါတယ်။

© kareem waris / instagram

Kareem ဟာ ကျော်ကြားပေမယ့် ငွေရေးကြေးရေးတော့ အဆင်မပြေရှာပါဘူး။ သူပန်းချီကားတွေဆွဲဖို့ မိဘတွေနဲ့ ဆရာတွေက လိုအပ်တဲ့ ပစ္စည်းလေးတွေ ၀ယ်ပေးရပါတယ်။ Kareem ကတော့ နိုင်ဂျီးရီးယားအစိုးရအနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပိုမို ဖောက်ပေးဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။ ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး မိုက်ကယ်အိန်ဂျလိုကို အားကျပြီး တစ်နေ့မှာသူ့ရဲ့ ပန်းချီကားတွေကို ကမ္ဘာအရပ်ရပ်က ပြခန်းတွေထဲမှာ ပြသနိုင်ဖို့ မျှော်လင့်ကြောင်းလည်း Kareem က ဆိုခဲ့ပါသေးတယ်။

READ
မာလာလာဆီကနေ လူငယ်တွေ သင်ယူရမယ့်အချက်(၃)ချက်
© kareem waris / instagram

လင်းလင်း (ShweMom)

Ref: Brightside , BBC

SHARE