ခမ်းနားလှတဲ့ရာဇ၀င်အသီးသီး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့သမိုင်းဝင်မြို့ကြီးများ

instagram/thisisathens

ခရီးသွားခြင်းရဲ့ အကောင်းဆုံးအကျိုးဆက်က ရောက်ရှိနေတဲ့နေရာရဲ့ သမိုင်းကြောင်းကို လေ့လာသိရှိရခြင်းပါပဲ။ တချို့တချို့သော မြို့တွေဟာဆိုရင် ထူးခြားတဲ့ သမိုင်းကြောင်းတွေကို ပိုင်ဆိုင်ထားတဲ့အတွက် စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ခရီးထွက်တဲ့အခါ ၄င်းကပေးတဲ့အသိအမြင်တွေဟာ မိမိတို့ရဲ့ ယဉ်ကျေးမှူ၊ လူ့အဖွဲ့အစည်းတွေနဲ့ ဘယ်လိုကွာခြားချက်တွေ ရှိတယ်ဆိုတာကို တွေးတောဖို့ အကူညီပေးပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိပြီး ရှေးကျလှတဲ့ သမိုင်းဝင်မြို့ကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့

instagram #beijing

ပေကျင်းဟာ ခေတ်သစ်တရုတ်နိုင်ငံရဲ့ မြို့တော်ကြီး ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း() သိန်းလောက်ကစကာ လူတွေနေထိုင်ခဲ့တယ်လို့ အထောက်အထားရှိပါတယ်။ တရုတ်ရာဇ၀င်ထဲ မင်မင်းဆက်ရဲ့မြို့တော်အဖြစ် မြို့မတည်ခင် ပေကျင်းဟာ တရုတ်အင်ပါယာဘုရင်တွေအတွက် မဟာဗျူဟာကျတဲ့ နေရာဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်အံ့ဖွယ်တစ်ပါးဖြစ်တဲ့ မဟာတံတိုင်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းကလည်း ပေကျင်းမြို့ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ဂရိနိုင်ငံ အေသင်မြို့

instagram/thisisathens

ဂရိနိုင်ငံဟာ ဥရောပအနောက်ပိုင်းမှာတော့ လူသိအများဆုံး ရှေးဟောင်းလူနေမှူအဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါတယ်။ ဂရိအကြောင်းပြောလာရင်တော့ အေသင်မှာ ဂရိလူမျိုးတွေရဲ့ခမ်းနားကြီးကျယ်ခဲ့တဲ့ ယဉ်ကျေးမှူတွေကို တွေ့မြင်နိုင်မှာပါ။ အေသင်ဟာ ဒီမိုကရေစီမွေးဖွားရာနေရာဖြစ်တဲ့အပြင် ဒေသမှာမှီတင်းနေထိုင်ခဲ့သူတွေဟာ အနောက်တိုင်းယဉ်ကျေးမှူအဦးအစရဲ့ လွှမ်းမိုးခံခဲ့ရသူတွေလည်း ဖြစ်ပါတယ်။ အေသင်ဟာ အသက်ဝင်လှသလို တချိန်က ကျော်ကြားခဲ့ဖူးတဲ့ ရှေးဟောင်းဂရိယဉ်ကျေးမှူကတော့ ပညာရှင်တွေအတွက်တော့ လေ့လာလို့မကုန်ခမ်းနိုင်တဲ့ မြို့ကြီးတစ်မြို့ပါပဲ။

ဘူလ်ဂေးရီးယားနိုင်ငံ ပလိုဗ်ဒဗ်မြို့

instagram/Plovdiv, Bulgaria

ဘူဂေးရီးယားနိုင်ငံမှာရှိတဲ့ ပလိုဗ်ဒဗ်မြို့ဟာ ခရစ်တော်မပေါ်ခင် ဘီစီ(၆၀၀၀) လောက်ကတည်းက အခြေတည်ခဲ့ကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။ ပလိုဗ်ဒဗ်ဟာ ဘူလ်ဂေးရီးယားရဲ့ မြို့တော် ဆိုဖီယာနဲ့ မြို့အရွယ်အစားယှဉ်ရင် ဒုတိယနေရာလိုက်ပါတယ်။ ပလိုဗ်ဒဗ်ဟာ ဘိုင်ဇန်တိုင်း၊ ရိုမန်၊ အော်တိုမန်နဲ့ ရုရှားတို့ရဲ့ သိမ်းပိုက်အုပ်ချုပ်မှူကိုလည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒါကြောင့်လည်း ပလိုဗ်ဒဗ် ခေတ်အဆက်ဆက်က သမိုင်းကြောင်းတွေနဲ့ ပေါကြွယ်ဝနေတဲ့ မြို့ကြီးတစ်မြို့ ဖြစ်နေတာပါ။

အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့

instagram #varanasi

ခရစ်တော်မပေါ်ခင် ဘီစီ(၁၁) ရာစုကတည်းက ရှိခဲ့တယ်လို့ ယူဆရတဲ့ ဗာရာဏသီမြို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရှေးအကျဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ မြို့ဟာ ဂင်္ဂါမြစ်ပေါ်က ဥတာပရာဒက်ရှ်ပြည်နယ်မှာ ရှိပါတယ်။ ဂင်္ဂါမြစ်ကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း အသုဘထုံးတမ်းအစဉ်အလာတွေ လုပ်ဆောင်လေ့ရှိတဲ့နေရာပါ။ သေဆုံးသူကို ထာဝရအသက်ရစေဖို့၊ အေးအေးချမ်းချမ်းဖြစ်စေဖို့ဆိုပြီး ဂင်္ဂါမြစ်ထဲမှာ မီးသဂြိုလ်ပြီး ပြာမျှောတဲ့ဓလေ့တွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဗာရာဏသီမှာ ဟိန္ဒူဘုရားကျောင်းတွေလည်း အများကြီးရှိပါတယ်။ အများကြီးရှိတဲ့ဘုရားကျောင်းတွေထဲကမှ အထင်ရှားဆုံးကတော့ ဟိန္ဒူနတ်ဘုရားသျှီဝကို ကိုးကွယ်တဲ့ရွှေကျောင်းပဲ ဖြစ်ပါတယ်။

ပီရူးနိုင်ငံ ကတ်စ်ကိုမြို့

instagram/Cusco, Peru

ကတ်စ်ကိုဟာ အင်းဒီစ်တောင်တန်းတွေရဲ့ အမြင့်တစ်နေရာမှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ တစ်ချိန်တုန်းက အင်ကန်အင်ပါယာရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ မြို့ရဲ့ မူလအစကို သေချာမသိရပေမယ့်လည်း မြို့ကို ပူးမားတောင်ခြင်္သေ့သဏ္ဏာန် တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပူးမားတောင်ခြင်္သေ့ဟာ အင်ကာတို့ရဲ့ အထွတ်အမြတ်ထားရာ သတ္တ၀ါဖြစ်ပါတယ်။ ကတ်စ်ကိုဟာ သင်္ချာဗေဒ၊ နက္ခတ်ဗေဒနဲ့ ပြက္ခဒိန်စနစ်တွေ ပေါ်ထွန်းရာ အရေးပါတဲ့မြို့ကြီးလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခေတ်မီမြို့ပြစနစ်ကို တည်ဆောက်နေပြီဖြစ်ပေမယ့် မြို့နားမှာ ရှေးဟောင်းအဆောက်အဦ အပျက်အစီးတွေကို ယနေ့ထက်တိုင် တွေ့နိုင်ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE