အမိဝမ်းတွင်းက ကျွတ်ကျွတ်ချင်းမှာပဲ ဆရာဝန်ကို မိုက်ကြည့်ကြည့်ပြီး ဒဲ့စိန်ခေါ်ခဲ့တဲ့ ကလေးငယ်

Facebook/Rodrigo Kunstmann Fotógrafo Profissional

ကလေးငယ်တစ်ယောက်ဟာ အမိဝမ်းတွင်းက ကျွတ်လျှင်ကျွတ်ချင်းမှာပဲ သူ့ကို လူ့လောကထဲ ဆွဲထုတ်ခေါ်လာခဲ့တဲ့ ဒေါက်တာ့ကို မိုက်ကြည့်ကြည့်ကာ စိန်ခေါ်သယောင် မျက်နှာပေးနဲ့ အတော်လေး ပွဲကျစရာ ဖြစ်ခဲ့ပါတယ်။ ကလေးဟာ လူကြီးတွေ ဒေါသထွက်တဲ့ ပုံစံအတိုင်း ခပ်မိုက်မိုက်ပုံစံ ဖြစ်နေခဲ့တာပါ။

ဒီလိုအချိန်မှာ မျက်နှာရိပ်မျက်နှာကဲ ခပ်တတ်တဲ့ ပညာရှင်သာ ရှိမယ်ဆိုရင် “ကျုပ် ဒီနေရာကို မကြိုက်ဘူး ”လို့ အဓိပ္ပါယ်ကောက်လေမလား၊ “ ခင်ဗျားက ဘာလို့ စိုက်ကြည့်နေတာလဲ”လို့များ အဓိပ္ပါယ်ဖော်လေမလား မပြောတတ်အောင်ပါဘဲ။ ကလေးဟာ လူကြီးတွေလို ကြီးမားတဲ့ဒေါသတွေ၊ အညှိုးတွေ မရှိသေးပေမယ့် သူရဲ့အကြည့်က ကြွေလောက်ပါတယ်။

တစ်ချို့ကလည်း ခပ်မိုက်မိုက် မျက်နှာပေးကြောင့် ယောက်ျားလေးလို့ ထင်ခဲ့ကြပါတယ်။ တကယ်က မိန်းကလေးပါ။ ဘရားဇီနိုင်ငံ၊ Rio de Janeiro က ဆေးရုံတစ်ခုမှာ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၃)ရက်က ဒီကလေးမလေးကို အောင်မြင်စွာ မွေးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံဆရာအမည်ကတော့ Rodrigo Kunstmann ဖြစ်ပါတယ်။ သူဟာ ပရိုဓာတ်ပုံဆရာအဖြစ် (၁၁)နှစ်ကြာ ဖြတ်သန်းခဲ့သူပါ။

"Hoje é meu parto e nem tenho roupa para esse evento "

Posted by Rodrigo Kunstmann Fotógrafo Profissional on Saturday, February 15, 2020

သူဟာ မွေးကင်းစမှတ်တမ်းဓာတ်ပုံဆရာအဖြစ် (၄)နှစ်တိုင်တိုင် ကျင်လည်ခဲ့သူဖြစ်ပါတယ်။ သို့သော်လည်း သူကင်မရာကိုင်တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုအဖြစ်မျိုး ပထမဆုံး ကြုံဖူးတာလို့ ပြောပါတယ်။ သူက ဒီဓာတ်ပုံလေးကို လူမှုကွန်ရက်မှာ တင်ခဲ့ရာ လူတော်တော်များများက သဘောကျနှစ်ခြိုက်တာကို ခံခဲ့ရပါတယ်။

သူရဲ့ Caption ကတော့ “ ကျွန်မ ဒီနေရာကို မကြိုက်ဘူး … ”လို့ ပြောနေသယောင်၊ သူမ မျက်လုံးတွေကို ကျယ်ပြန့်အောင် ကြိုးစားဖွင့်တယ်၊ လုံးဝ မငိုဘူး … သူမ မျက်နှာက အောက်သိုးသိုးနဲ့၊ သူ့အမေက အဦးဆုံးနမ်းတယ် … အဲဒီနောက် ချက်ကြိုးကို ဖြတ်ချလိုက်တယ် … ဒီတော့မှ ငိုတော့တာ”လို့ ဓာတ်ပုံဆရာက ရေးထားပါတယ်။

ဓာတ်ပုံမှသည် Meme ဆီသို့-

Posted by Jeff Swanson on Tuesday, February 25, 2020

ယနေ့လူမှုကွန်ရက် ကျယ်ပြန့်နေတဲ့အချိန်မှာ Meme ဆိုတာ လူတိုင်း သိနေပါပြီ။ အခုလည်း ဒီဓာတ်ပုံလေးကို မူလဓာတ်ပုံဆရာ Rodrigo က Meme ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ သူ ပြောလို့မှ မကြာသေးဘူး၊ တကယ်လည်း ကလေးမလေးရဲ့ Meme တွေ ထွက်ပေါ်လာပါတယ်။ ပုံမှာ ရေးထားတဲ့ စာတွေကလည်း တကယ်လည်း ဟာသဆန်သလို၊ သဘောလည်း ကျစရာပါ။

တစ်ယောက်သောသူရဲ့ Meme မှာတော့ “ ငါ့ကို ပြန်ထည့်ပေးစမ်း … ငါ မထွက်ချင်သေးဘူး “ဆိုပြီး ရေးထားသလို၊ အခြားတစ်ဦးကတော့ “ ငါ့ကို ရိုက်ဖို့ပြင်မနေနဲ့ … မင်းကို သတိပေးတယ်နော် … လက်တွေကို သိမ်းထားလိုက်စမ်း ”ဆိုပြီး ရေးထားပါတယ်။ ဓာတ်ပုံဆရာကတော့ သူ့ဓာတ်ပုံလေး ပေါက်သွားလို့ အလွန်သဘောကျနေပါတယ်။

လင်းသူရိန်

SHARE