လူတွေကို အနှောင့်အယှက်ပေးပြီး ဆိုးသွမ်းလွန်းလို့ ရဲအဖမ်းခံခဲ့ရတဲ့ တိရစ္ဆာန်များ

လူအဖွဲ့အစည်းကို ထိခိုက်စေသူတွေဟာ လူသားတွေချည်းပဲလို့ တထစ်ချ မှတ်ယူလို့ မရပါဘူး။ လူသားတွေအပြင် အချို့တိရစ္ဆာန်တွေဟာလည်း လူတွေရဲ့ ပျက်စီးရာပျက်စီးကြောင်းမှာ ကူညီအားပေးကြသူတွေ ဖြစ်လို့နေပြန်ပါတယ်။

သူလျှိုမှုနဲ့ ပတ်သက်လို့ မသင်္ကာတာကြောင့် ဖမ်းဆီးခံထားရတဲ့ ခို

(၂၀၁၅)ခုနှစ်တုန်းက အိန္ဒိယအရာရှိတွေက ခိုတစ်ကောင်ကို သူလျှိုလို့ ယူဆတာကြောင့် ဖမ်းဆီးခဲ့ပါတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးမှာ ပါကစ္စတန်ရဲ့ နိုင်ငံသုံး ဘာသာစကားဖြစ်တဲ့ အူရဒူဘာသာစကားနဲ့ စာတွေရေးမှတ်ထားပြီး ပါကစ္စတန်ရဲ့ ဖုန်းနံပတ်တစ်ခုလို့ ယူဆရပါတယ်။ ခိုဟာ ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ်ဖြစ်တဲ့  ကက်ရှ်မီးဒေသထဲကို ပြုတ်ကျခဲ့တာပါ။ လက်ရှိမှာ ကက်ရှ်မီးဒေသရဲ့ (၄၅)ရာခိုင်နှုန်းကို အိန္ဒိယ၊ (၃၅)ရာခိုင်နှုန်းကို ပါကစ္စတန်နဲ့ (၂၀)ရာခိုင်နှုန်းကို တရုတ်တို့က အသီးသီးပိုင်ဆိုင်ကြပါတယ်။

မသင်္ကာဖွယ်ခိုကို (၁၄)နှစ်သားအရွယ် ကောင်လေးတစ်ဦးက တွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ အာဏာပိုင်တွေထံ သွားရောက်အပ်နှံခဲ့ပါတယ်။ ခိုကို အိပ်စ်ရေးရိုက်ပြီး စစ်ခဲ့ပေမယ့် ဘာမှတိတိကျကျမတွေ့ခဲ့ပါဘူး။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ခိုကိုသူလျှိုအနေနဲ့ သတ်မှတ်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

READ
သင့်ကို ထောင်ထဲထိရောက်အောင် ပို့ပေးနိုင်တဲ့ ကမ္ဘာအရပ်ရပ်က ဥပဒေများ

ဂျာမန်အမျိုးသမီးကို လိုက်နှောင့်ယှက်နေခဲ့တဲ့ ရှဉ့်နီ

(၂၀၁၅)ခုနှစ်တုန်းက ဂျာမနီနိုင်ငံ ဘော့ထရုပ်မြို့အနောက်ဘက်ပိုင်းမှာ အမျိုးသမီးတစ်ဦးဟာ လမ်းလျှောက်လာနေရင်း ရှဥ့်တစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ရှဥ့်က အကောင်အသေးသေးနဲ့ ရှဉ့်နီတစ်ကောင်ပဲ ဖြစ်ပါတယ်။ ရှဥ့်က တောက်လျှောက်လိုက်လာပြီး ထိုအမျိုးသမီးကို တိုက်ခိုက်ခဲ့တာပါ။  ရှဉ့် အန္တရာယ်ကနေ လွတ်မြောက်အောင် မထွက်ပြေးနိုင်တဲ့အတွက် အမျိုးသမီးဟာ နောက်ဆုံးမှာ ရဲကိုခေါ်ပြီး အကူအညီတောင်းခဲ့ရပါတယ်။

ရဲတွေက ရှဉ့်ကို စစ်ဆေးကြည့်တဲ့အခါမှာ ရှဥ့်ဟာ ခြေကုန်လက်ပန်းကျနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရှဉ့်ကို ပျားရည်ကျွေးပြီး ကျန်းမာရေးကောင်းအောင် လုပ်ပေးပြီးတဲ့နောက်မှာတော့ ကယ်ဆယ်ရေးစင်တာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပိုင်ရှင်ရဲ့ မိထွေးကို ထိပါးစော်ကားတဲ့စကားတွေပြောခဲ့တဲ့ ကြက်တူရွေး

၂၀၁၅ခုနှစ်က အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်မှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဆဲဆိုတတ်တဲ့ ဟာရီရယ်အမည်ရ ကြက်တူရွေးတစ်ကောင် ရှိပါတယ်။ ကြက်တူရွေးက အသက်ကြီးပြီး အိုမင်းနေတဲ့ အဖွားကြီး ဂျနာဘီကိုတွေ့တိုင်း ကြိမ်ဆဲတဲ့စကားတွေ ပြောလေ့ရှိပါတယ်။ ဒေသခံတွေစကားအရ  ဟာရီရယ်ဟာ ဆဲတဲ့အကျင့်ကို သခင်ဖြစ်တဲ့ ဆူရက်ရှ်ဆီကနေ သင်ထားတာလို့ ဆိုပါတယ်။ တကယ်တော့ ဆူရက်ရှ်ဟာ ဂျနာဘီရဲ့ လင်ပါသားဖြစ်ပြီး နှစ်ယောက်သားဟာ အမွေကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာဖြစ်ပါတယ်။ သိရတာက ဆူရက်ရှ်ဟာ ဟာရီရယ်ကို (၂)နှစ်တာ စကားသင်ပေးပြီးနောက်ပိုင်းမှာ ကြက်တူရွေးဟာရီရယ်က အဖွားကြီးကို တွေ့တဲ့အခါတိုင်း မြည်တွန်ဆဲဆိုနေတယ်လို့ ဆိုပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြား ဆန်းပြားတဲ့ နေအိမ်ဒီဇိုင်းများ

အခြေအနေတွေပိုဆိုးလာတဲ့အခါမှာတော့ အဖွားကြီးဟာ ကြက်တူရွေးကို ရဲတိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြက်တူရွေးက တော်တော်လည်ပါတယ်။  ရဲစခန်းလဲရောက်ရော သကောင့်သားက စကားတစ်လုံးမှ မပြောတော့ပါဘူး။ ကြက်တူရွေးကိုတော့ တောအုပ်တစ်ခုထဲ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: mentalfloss

SHARE