ကြောက်မက်ဖွယ်ဖြစ်ပေမယ့် လူကိုအန္တရာယ်ပြုနိုင်ခြေနည်းတဲ့ သတ္တ၀ါများ

Shutterstock/wildestanimal Shutterstock/ Debbie Steinhausser Shutterstock/ Jeffrey Paul Wade

ငါးမန်း၊ မြွေ၊ ပင့်ကူအစရှိတဲ့ သတ္တ၀ါတွေဟာ ကြောက်စရာကောင်းပြီး အဆိပ်ရှိတယ်လို့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ မီဒီယာတွေမှာ ဖော်ပြခြင်းခံရပါတယ်။ အချို့တောရိုင်းသတ္တ၀ါတွေဟာ သူတို့ကို ရန်ပြုတယ်လို့ထင်ရင် ပြန်လည်တိုက်ခိုက်တတ်ပါတယ်။ အချို့ကတော့ လူကိုမြင်ရင် ထွက်ပြေးကြပါတယ်။ အန္တရာယ်ရှိတယ်လို့ လူတွေက ယူဆထားပေမယ့် တကယ်တမ်း လူကိုအန္တရာယ်ပေးဖို့ ခဲယဉ်းတဲ့ သတ္တ၀ါတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ငါးမန်း

Shutterstock/ wildestanimal

ကမ္ဘာပေါ်မှာ ငါးမန်းမျိုးစိတ်ပေါင်း (၅၀၀) နီးပါးရှိတဲ့အထဲ အမျိုးအစား (၁၂) မျိုးလောက်သာ လူသားတွေအတွက် အန္တရာယ်ရှိပါတယ်။ ငါးမန်းတွေဟာ သွေးဆာနေတဲ့မုဆိုးတွေဖြစ်ပြီး လူ့အသွေးအသားကို အငမ်းမရစားသောက်တတ်တဲ့ သတ္တ၀ါတွေအဖြစ် ရုပ်ရှင်တွေမှာ တွေ့မြင်ရပါတယ်။ ဒါပေမယ့် ငါးမန်းအများစုက ငါး၊ အပင်၊ ရေနေသတ္တ၀ါနဲ့ အခြားငါးမန်းမျိုးစိတ်တွေကို စားသုံးရင်းနဲ့ပဲ အသက်ရှင်သန်ကြပါတယ်။

Black widow ပင့်ကူ

Shutterstock/ Sari ONeal

Black widow ပင့်ကူတွေဟာ အန္တရာယ်ရှိတဲ့ ပင့်ကူတွေအဖြစ် နာမည်ကျော်ပါတယ်။ တကယ်တမ်းဆိုရင် သူတို့က ကိုက်ဖို့ခဲယဉ်းပါတယ်။ ဒီပင့်ကူတွေကို အကြိမ်ပေါင်းများစွာ ပုတ်ခတ်တာတောင်မှ ပြန်မကိုက်ဘူးလို့ သိရပါတယ်။ သူ့ကိုယ်လုံးကို လက်နဲ့ သွားဆိတ်မှသာ သူက ပြန်လည်ရန်တုံ့ပြန်တာ ဖြစ်ပါတယ်။ Black widow ပင့်ကူကိုက်ခံရရင်လည်း သေခဲသလို ဒဏ်ရာကို ဆေးကုသလို့ ရပါတယ်။

READ
ပင်လယ်ရေနဲ့ လှိုင်းတွေအောက် သဘာဝအလှတရားကို ဖော်ကျူးထားတဲ့ ဓာတ်ပုံများ

မိကျောင်းခေါင်းတို

Shutterstock/ Rose3663

မိကျောင်းခေါင်းတိုတွေဟာ မိကျောင်းခေါင်းရှည်တွေထက် အန္တရာယ်ပိုနည်းပါတယ်။ သူတို့တွေက အစားအသောက်မှာ ခေါင်းရှည်တွေထက် ပိုချေးများပါတယ်။ မိကျောင်းခေါင်းတိုတွေဟာ သတ္တ၀ါအရွယ် သေးသေးတွေကိုသာ ဖမ်းစားလေ့ရှိပြီး ခေါင်းရှည်တွေကတော့ သူ့ရှေ့မှာလှုပ်ရှားတဲ့ အရာမှန်သမျှကို စားပစ်ပါတယ်။

ဝက်ဝံ

Shutterstock/Ondrej Prosicky

အမေရိကန်နိုင်ငံ Yellowstone အမျိုးသားဥယျာဉ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ ဥယျာဉ်ထဲ ၀က်ဝံကြောင့် ဒဏ်ရာရတဲ့သူဦးရေဟာ အကြိမ်ပေါင်း(၂.၇) သန်းမှာမှ တစ်ကြိမ်သာ ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။ ၀က်ဝံကြောင့် သေလောက်တဲ့ဒဏ်ရာရနိုင်ခြေဟာ မရှိသလောက် နည်းပါးတယ်လို့ သိရပါတယ်။

လင်းတ

Shutterstock/ Ondrej Prosicky

လင်းတတွေမှာ ချွန်မြတဲ့လက်သည်းတွေနဲ့ နှုတ်သီးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် လင်းတတွေဟာ လူသားတွေကို အန္တရာယ်မပြုပါဘူး။ အသက်ရှင်နေဆဲ သတ္တ၀ါတွေကို စားလေ့စားထမရှိပဲ တိရစ္ဆာန်အသေကောင်တွေအပေါ်မှာသာ မှီခိုစားသုံးလေ့ရှိပါတယ်။ ဒါကြောင့်ပဲ လင်းတတွေဟာ တိရစ္ဆာန်အသေတွေကို စားသုံးပြီး ရောဂါပိုးတွေ ကူးစက်ပြန့်ပွားတာကို ကာကွယ်ကာ ဂေဟစနစ်ကို တမျိုးတဖုံ ထိန်းသိမ်းပေးနေသူတွေ ဖြစ်ပါတယ်။

READ
ကမ္ဘာပေါ်မှာရှိတဲ့ အထူးဆန်းဆုံး နဲ့ အရှားပါးဆုံး သတ္တ၀ါ (၁၀)မျိုး

လင်းနို့

Shutterstock/ Jeffrey Paul Wade

လင်းနို့တွေကို အန္တရာယ်ရှိတဲ့ သတ္တ၀ါတွေအဖြစ် သတ်မှတ်ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ လင်းနို့ကိုက်ရင် ခွေးရူးရောဂါဖြစ်တယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် အမေရိကန်နိုင်ငံ ဘူမိဗေဒစစ်တမ်းအရ လင်းနို့်(၁) ရာခိုင်နှုန်းမှာပဲ ခွေးရူးရောဂါရှိတယ်လို့ သိရပါတယ်။

ငါးလိပ်ကျောက်

Shutterstock/ Konstantin Zaykov

ငါးလိပ်ကျောက်ဆူးဟာ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ငါးလိပ်ကျောက်ဆူး ထိုးမိလို့ သေဆုံးရတဲ့လူအရေအတွက်ဟာ လက်ချိုးရေလို့ ရပါတယ်။ ငါးလိပ်ကျောက်တွေဟာ ရန်လိုတတ်တဲ့သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ အန္တရာယ်ရှိတယ်လို့ သူတို့သိတဲ့အခါ ရေကူးထွက်ပြေးလေ့ ရှိပါတယ်။ ငါးလိပ်ကျောက်တွေကို အခန့်မသင့်ရင် ရေတိမ်ပိုင်းတွေမှာ တက်နင်းမိလေ့ ရှိပါတယ်။ လူ့ခြေထောက်ကို နာကျင်စေပေမယ့် သေစေလောက်တဲ့ဒဏ်ရာတွေတော့ အလွန့်အလွန် ဖြစ်ခဲပါတယ်။

တောင်ခြင်္သေ့

Shutterstock/ Debbie Steinhausser

တောင်ခြင်္သေ့တွေဟာ လူတွေကို တိုက်ခိုက်ခဲတဲ့ သတ္တ၀ါတွေ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရရင်လည်း လူတွေစုပြီး ခြောက်လှန့်မောင်းထုတ်တဲ့အခါ ထွက်ပြေးသွားကြတာချည်းပါပဲ။ ကယ်လီဖိုးနီးယား ငါးနဲ့တောရိုင်းတိရစ္ဆာန်ဌာနအရတော့ ကယ်လီဖိုးနီးယားမှာ (၁၉၈၆) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အတွင်း တောင်ခြင်္သေ့ကြောင့် သေဆုံးသူဦးရေ (၃) ဦးသာရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE