AirPods Pro အသစ်ကို ထုတ်ဖော်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Apple ကုမ္ပဏီ

Apple.com

သတင်းတွေထွက်နေတာ ကြာပြီဖြစ်တဲ့  noise-canceling နည်းပညာပါဝင်တဲ့ AirPods Proကို Apple က ဒီကနေ့မှာ စတင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့  iPhone အသစ်မိတ်ဆက်ပွဲမှာ မိတ်ဆက်ခဲ့ခြင်း မဟုတ်ဘဲ သီးသန့်ပွဲတစ်ပွဲလုပ်ပြီး မိတ်ဆက်ခဲ့တာပါ။ Apple ရဲ့AirPods တွေရဲ့ ထုံးစံအတိုင်းပါပဲ။ AirPods Proလည်း အဖြူရောင်တစ်ခုတည်းနဲ့သာ ထွက်ရှိလာတာဖြစ်ပါတယ်။

AirPods Pro  မှာ ဘေးပတ်ဝန်းကျင်က အသံတွေကို detect ကောင်းကောင်းလုပ်ပေးမယ့် မိုက်ခရိုဖုန်းတစ်လုံးခြင်းဆီ ပါဝင်လာမှာပဲဖြစ်ပါတယ်။ ဒီလိုနည်းပညာဟာ အသစ်ထွက်ရှိထားတဲ့ Beats Solo Pro မှာလည်း အသုံးပြုထားတာဖြစ်ပြီး AirPods Pro အတွက်ကတော့ ပိုပြီး သေးငယ်တဲ့အရာတစ်ခုအဖြစ် ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် AirPods Proမှာတော့ နားကြပ်တပ်ထားစဉ်အခါမှာ ဘေးပတ်ဝန်းကျင်က အသံတွေကို ကောင်းကောင်းကြားရမယ့်  transparency mode လည်း ပါဝင်လာမှာပါ။ ဒါ့အပြင် သီချင်းနားထောင်ခြင်းကို ထိန်းညှိတာတွေ၊ trans-parency mode ကို activate လုပ်ဖို့အတွက် ရမယ့် force sensor feature လည်း ပါဝင်လာမှာလည်းဖြစ်ပါတယ်။

Apple.com

မိမိရဲ့ နားရဲ့ ပုံစံအတိုင်း သီချင်းဂီတသံတွေရဲ့ tunesတွေကို အလိုအလျောက်ပြောင်းပေးသွားမယ့်  Adaptive EQ လို့ ခေါ်တဲ့ feature အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ အခုလက်ရှိဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ AirPod တွေလို မဟုတ်ဘဲ AirPods Proဟာ ပိုပြီး လုံခြုံစိတ်ချနိုင်မယ့် စနစ်တစ်ခုလည်း ထည့်သွင်းထားခြင်းကို တွေ့ရပါတယ်။ နားထဲမှာလည်း နားကို မထိခိုက်စေဖို့အတွက် မာကျောမနေဘဲ သက်သာချောင်ချိစွာနဲ့ fit ပြုလုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။

 AirPods Pro  ကို ရာသီမျိုးစုံမှာ အသုံးပြုနိုင်အောင် စီစဉ်ထုတ်လုပ်ထားတာဖြစ်ပြီး ရေစိုခံစနစ်လည်း ပါဝင်လာတာတွေ့ရပါတယ်။ AirPods Pro မှာ အသုံးပြုထားတဲ့ noise cancellation feature ဟာ ဈေးကွက်အတွင်းမှာ ရောက်ရှိနေတဲ့ တခြား earphones တွေဖြစ်တဲ့ Bose တို့၊ Sony  တို့၊ Amazon ရဲ့Echo Buds တို့မှာလည်း ထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။ Sony ရဲ့ noise cancellation feature ပါဝင်တဲ့ 1000X M3 ကတော့ ကန်ဒေါ်လာ ၂၂၉ ဝန်းကျင်မှာရှိပြီး Amazon ရဲ့ Echo Buds၊ Bose ရဲ့နားကျပ်တွေဟာ ဒေါ်လာ ၁၃၀ ဝန်းကျင်မှာ ရှိပါတယ်။

AirPods Pro ရဲ့ ဘူးထဲမှာတော့ အသုံးပြုသူရဲ့ နားရွက်ပုံစံနဲ့  အဆင်ပြေစေဖို့အတွက် အရွယ်အစားမတူညီတဲ့ ဆီလီကွန်အစွပ်သုံးခု ပါဝင်လာမှာပါ။ Apple ကုမ္ပဏီဘက်ကတော့ AirPods Pro နဲ့ ပတ်သက်ပြီး အတော်လေးကို ပြည့်ပြည့်စုံစုံလုပ်ပေးထားတယ်လို့ဆိုပါတယ်။ သီချင်းသံတွေကို ကောင်းကောင်းကြားရမယ့် အပြင် စပီကာတွေနဲ့ပတ်သက်ပြီးလည်း နားထဲမှာ အသံ level တွေကို တိုင်းတာပေးမယ့် audio test တွေကိုတောင် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။

AirPods Pro ဟာ ထွက်ရှိပြီးသား AirPods ဒုတိယမျိုးအဆက်အတိုင်းပါပဲ။  ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပြီး အသံနဲ့ စေခိုင်းလို့ရတဲ့ hands-free “Hey Siri” စနစ်လည်း ပါဝင်ပါတယ်။ ဘတ္တရီပိုင်းဆိုင်ရာမှာလည်း AirPods Pro ကို အားအပြည့်သွင်းထားချိန်မှာ လေးနာရီခွဲလောက် အသုံးပြုနိုင်မှာဖြစ်ပြီး  AirPods case မှာပါတဲ့ ဘတ္တရီကိုပါ ထည့်သွင်း အသုံးပြုမယ်ဆိုရင်တော့ ၂၄ နာရီကြာ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

Apple.com

AirPods Pro ကို အခုအချိန်မှာ စတင်ဝယ်ယူလို့ရပြီး မြန်မာကျပ်ငွေ ၄သိန်းပတ်ဝန်းကျင်လောက် ကျသင့်မှာပဲဖြစ်ပါတယ်။

YYK

SHARE