အာဆင်နယ်ပရိသတ်များ သဘောကျနေတဲ့ ဟာရဲရားကို ဆန်းချက်ဇ်ပြောခဲ့တဲ့စကား

ပရီမီယားလိဂ်ရဲ့ Big Match ကြီးတစ်ခုဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲမှာ မန်ယူအသင်းဟာ အာဆင်နယ်အသင်းအိမ်ကွင်းမှာပင် 1-3 ရလာဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲချိန် 4′ မိနစ်နဲ့ 11′ မိနစ်အတွင်းမှာ ဆက်တိုက်နှစ်ဂိုး ပေးခဲ့ရခြင်းကလည်း ပွဲကို အညွန့်ကျိုးသွားစေခဲ့ပါတယ်။

49′ မိနစ်မှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မန်ယူက ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး၊ 63′ 74′ မိနစ်တွေမှာ အနိုင်သေချာစေမယ့် ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူဟာ ဒုတိယပိုင်းမှာ ခံစစ်ကိုသာ ဦးစားပေးကစားခဲ့ပြီး၊ ဘောလုံးပိုင်ဆိုင်မှု 24.9% သာရှိခဲ့ကာ အာဆင်နယ်ကတော့ ကစားကွက်အသာနဲ့ ဘောလုံးပိုင်ဆိုင်မှု 75.1% အထိ ရရှိခဲ့ပါတယ်။

တိုက်စစ်မှူး ပေါ့ဂ်ဘာအထုတ်ခံခဲ့ရပေမယ့် မန်ယူဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းက အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ခြင်း၊ စနစ်ကျတဲ့ တိုက်စစ်ကစားပုံတွေကြောင့် အာဆင်နယ်တို့ ဂိုးထပ်မရတော့ဘဲ 1-3 ရလာဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတာတောက ဆန်းချက်ဇ်နဲ့ ဟာရဲရားတို့ အချင်းများခဲ့တဲ့ အခိုက်အတန့်လည်း ပါဝင်ခဲ့ပါတယ်။

READ
လေ့ကျင့်ခန်းဆင်းနေစဉ် နယူးကာဆယ်ကွင်းလယ်လူဟောင်း တီအိုတီသေဆုံး

ဘောလုံးကို Waste ဖြစ်အောင် တမင်လုပ်လိုက်တဲ့ ဟာရဲရားကို ဆန်းချက်ဇ်က စိတ်လိုက်မာန်ပါ စကားတစ်ခွန်းပြောခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ စပိန်ဘာသာစကားကို အသုံးပြုပြောခဲ့တာဖြစ်ပြီး၊ ဘာပြောခဲ့သလဲဆိုတာကို ပရိသတ်ကလည်း စိတ်ဝင်စားနေကြပါတယ်။

တွစ်တာပေါ်မှာတော့ ဆန်းချက်ဇ်ပြောလိုက်တဲ့စကားကို “မင်းက ဘယ်သူလဲကွ “ဆိုပြီး ပြန်လည် ဖော်ပြနေကြပါတယ်။ တကယ်တော့ ဒီစကားဟာ တန်းတူယှဉ်ပြိုင်နေရတဲ့ နယ်ပယ်တစ်ခုပေါ်မှာ ဆဲတာထက် ပိုနာစရာကောင်းတဲ့ စကားတစ်ခွန်းလို့ ဆိုလိုလို့ ရပါတယ်။ ဥပမာအားဖြင့် မေဝယ်လ်သာလို လူတစ်ယောက်ကို အင်တာဗျူးလုပ်တဲ့အခါ “ခင်ဗျားဘယ်သူလဲဗျ”ဆိုရင် လက်သီးစာ အကျွေးခံရမယ့် သဘောမှာရှိပါတယ်။

အခုလည်း ဆန်းချက်ဇ်က ဘေးကဖြတ်သွားတဲ့ ဟာရဲရားရဲ့ ကျောကနာမည်ကို သေချာကြည့်ပြီးမှ မေးတာဖြစ်လို့ ဒီစကားဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ သဘောခွေ့စရာ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အားကစားလောကထဲမှာတော့ ဒီလို အကြိတ်အခဲ အဖုအထစ်လေးတွေ ရှိကြလေ့ရှိပြီး၊ ကိုယ်လက်ရှိကစားနေတဲ့ အသင်းအတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန်ပေးဆပ်ရတာ ဓမ္မတာပါဘဲ။

READ
Mary Avina ၏ အလန်းစားဘိလိယက်ထိုးချက်(၇)ချက်

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE