ပန်းချီပြခန်း၊ ပြတိုက်နဲ့ ဖျော်ဖြေပွဲ သွားလေ့ရှိသူများ အသက်ပိုရှည်ကြောင်း စစ်တမ်းအရ သိရ

Unsplashi/igormiske

သင်ဟာ ပန်းချီပြခန်းတွေ၊ ပြတိုက်တွေနဲ့ တေးဂီတ ဖျော်ဖြေပွဲတွေကို ပုံမှန်သွားတတ်သူတစ်ယောက်ဆိုရင် မသွားတတ်သူတွေထက်စာရင် အသက်ပိုရှည်လာမှာပါ။

University College London (UCL) က ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တစ်ရပ်ထဲမှာ ကပွဲဇာတ်ရုံတွေ၊ ပန်းချီပြခန်းတွေ၊ အနုပညာပြတိုက်တွေနဲ့ရင်းနှီးနေလေ့ရှိတဲ့ လူတွေဟာ ပြန်ခန်းတွေ မသွားတဲ့လူတွေထက် အသက်ပိုရှည်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် နှစ်တစ်နှစ်အတွင်းမှာဆိုရင် အဲဒီလို ပြခန်းတွေဆီ မသွားတဲ့လူတွေထက် ၁၄ ရာခိုင်နှုန်းလောက် သေဆုံးနိုင်ခြေကို လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အသက်အရွယ်အိုမင်းခြင်းကို အလွန်အကျွံမဖြစ်စေဖို့အတွက် အနုပညာက တားဆီးပေးထားနိုင်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။

CNN သတင်းဌာနရဲ့ လေ့လာချက်ထဲမှာတော့ ဒီလို ပြခန်းတွေ၊ ပြတိုက်တွေဆီ ပုံမှန်သွားနေကျလူတွေနဲ့ လုံးလုံးမသွားဖူးတဲ့ အသက် ၅၀ နဲ့အထက် အရွယ်ရောက်သူ ၆,၇၁၀ ယောက်ကို ၁၄ နှစ်ကြာ သုတေသနပြုလုပ်ခဲ့ရာမှာတော့ ပုံမှန်သွားနေကျလူတွေဟာ မသွားတဲ့လူတွေထက် သေဆုံးနိုင်ချေ ၃၁ ရာခိုင်နှုန်းလောက်ကို လျော့ချပေးတယ်လို့ဆိုပါတယ်။

Unsplash/igor

“ဆေးလိပ်သောက်တာတို့၊ အရက်သောက်တာတို့က ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်ဆိုတာ ကျွန်တော်တို့ သိကြပေမယ့် အသက်ရှည်စေမယ့် နည်းလမ်းတွေ၊ အားလပ်ချိန်ကို ဘယ်လိုအကျိုးရှိရှိဖြုန်းတီးရမလဲဆိုတဲ့ နည်းလမ်းတွေကိုတော့ လူတွေ သိပ်မတွေးကြပါဘူး” လို့ UCL ရဲ့ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ Daisy Fancourt ကပြောပါတယ်။

တကယ်တော့ အနုပညာဆိုတာ ကိုယ်ကျန်းမာရေးကို ကောင်းမွန်စေရုံတင်သာမက စိတ်ပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ကောင်းမွန်လာစေတတ်တာပါ။ အထီးကျန်မှုကိုလျော့ချပေးနိုင်စွမ်းလည်း  ရှိပြီး အသိပညာဖွံ့ဖြိုးမှုတွေကိုလည်း အထောက်အကူဖြစ်စေတာပါ။

ကျန်းမာရေးလေ့လာချက်တွေအရ အနုပညာနဲ့ ရင်းနှီးအကျွမ်းတဝင်ရှိတဲ့လူတွေဟာ စိတ်ဖိစီးမှုဖြစ်ဖို့အတွက် လမ်းစနည်းပြီး  စိတ်ဓာတ်အလွန်အမင်းကျဆင်းမှုကိုလည်း တားဆီးပေးနိုင်တယ်လို့ဆိုပါတယ်။ စိတ်ခံစားမှုကိုလည်း ထိန်းချုပ်လာနိုင်တာပါ။ ဒါ့အပြင် တစ်နေ့တာလုံးမှာ ပြုမူလုပ်ဆောင်နေကျ အပြုအမူတချို့ကိုလည်း ဆိုးဆိုးဝါးဝါးမဖြစ်စေဖို့ ထိန်းညှိပေးစွမ်းနိုင်တယ်လို့လည်း ဆိုပါတယ်။

Unsplash/miske

ဒါ့အပြင် အနုပညာကို စိတ်ဝင်စားသူတွေအနေနဲ့လည်း  စိတ်ကူးအသိဥာဏ်တွေ တောက်ပြောင်လာမယ့် လူတစ်ယောက်အဖြစ်ကိုလည်း ရရှိစေမယ်လို့ ဆိုထားပါတယ်။ တီထွင်ဖန်တီးနိုင်မှုအစွမ်းအစလည်း ပိုများလာတယ်လို့ သုတေသနစာတမ်းတွေက ဖော်ပြထားပါတယ်။

Ye Yint Kyaw

SHARE