မဖိတ်ခေါ်ဘဲ အိပ်မက်ထဲရောက်လာပြီး အသက်ဝိဥာဉ်နုတ်သွားတတ်သူ အမျိုးသမီး

iStockphoto

၁၉၇၅ ခုနှစ်လောက်တုန်းကနေ အစပြုခဲ့ပါတယ်။ လာအိုမှာ နိုင်ငံရဲ့အချုပ်အချာအာဏာဆိုင်ရာ ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ အုပ်ချုပ်မှုစနစ်အဟာင်းကို ထောက်ခံသူများဟာ ကွန်မြူနစ်စနစ်သို့ ပြောင်းလဲချင်သူများရဲ့ဖိနှိပ်ခြင်းဒဏ်ကို ပြည်တွင်းစစ်မှာ ခုခံတိုက်ခိုက်ခဲ့ရပါတယ်။

iStockphoto

လာအိုမှာ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာရှိတဲ့အနက် Hmong လူမျိုးတို့ဟာလည်း ခေတ်ဟောင်းစနစ်မပပျောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီတိုက်ခိုက်ပေးခဲ့ကြပါတယ်။ တောတောင်ရေမြေ သဘာဝတရားတွေ၊ တိရိစ္ဆာန်လေးတွေကို ကာကွယ်စောင့်ရှောက်ကာ နတ်ကိုးကွယ်တဲ့ Hmong လူမျိုးစုဟာ ဓလေ့ထုံးတမ်းဆိုင်ရာတွေ သိပ်ကိုအလေးထားသူတွေပါ။ Hmong လူမျိုးစုကို မျက်လုံးထဲမြင်အောင် ပြောရမယ်ဆိုရင်တော့ အမေရိကရဲ့ ကနေဦးလူမျိုးစုဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုနဲ့ သိပ်ကိုဆင်ပါတယ်။

ယခင်ရှိပြီးသား အုပ်ချုပ်မှုစနစ်ကို ထောက်ခံကာ ကွန်မြူနစ်တွေကို တိုက်ထုတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကွန်မြူနစ်စနစ်ကို ထောက်ခံတဲ့ဘက်မှ အသာစီးရသွားခဲ့ပါတယ်။ ဒါကြောင့် စနစ်ဟောင်းကိုသာ ထောက်ခံပြီး ကွန်မြူနစ်စနစ်ကို လက်မခံခဲ့တဲ့ Hmong လူမျိုးစုတို့ကို ကွန်မြူနစ်လူအုပ်စုမှ အဓိကပစ်မှတ်ထားကာ စတင်သုတ်သင်ရှင်းလင်းပါတော့တယ်။ လူပေါင်း (၁) သောင်းကျော်လောက် သုတ်သင်ရှင်းလင်းခံခဲ့ရတယ်လို့ ခန့်မှန်းရပြီး လွတ်မြောက်သူလူတစ်စုကတော့ ယိုးဒယားနဲ့ အမေရိကသို့ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်သွားခဲ့ပါတယ်။

အမေရိကမှာ Hmong လူမျိုးစုက လူပေါင်း (၃၅,၀၀၀) လောက် စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ်သွားရောက်နေထိုင်ခဲ့ကြပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ ချီကာဂို၊ စခရာမန်တိုနဲ့ မီလ်ဝါကီတို့ကတော့ Hmong လူမျိုးတွေကို အဓိကလက်ခံခဲ့တဲ့ အမေရိကနိုင်ငံကမြို့တွေပဲဖြစ်ပါတယ်။

နဂိုကတည်းကိုက တောတောင်ထဲမှာနေပြီး ထုံးတမ်းအစဉ်အလာတွေကြီးကြသူတွေမို့ အင်္ဂလိပ်စကားကိုလည်း တစ်လုံးတစ်လေမှတောင် မပြောတတ်၊ နားမလည်ကြပါဘူး။ ဒီအပြင် သဘာဝတရားကြီးကိုစောင့်ရှောက်ရတဲ့ ကြီးကျယ်မြင့်မြတ်သူတွေလို့ ခံယူထားတဲ့ Hmong တွေဟာ သူများနိုင်ငံမှာ ဒုက္ခသည်အဖြစ်နေရတဲ့အပေါ် သိမ်ငယ်စိတ်လည်းဝင်ခဲ့ကြပါတယ်။

READ
လူတွေရဲ့သွားတွေလို ပါးစပ်ထဲသွားတွေအစီအရီပေါက်နေတဲ့ ထူးထူးဆန်းဆန်းငါး
iStockphoto

ကိုယ်တစ်သက်လုံးနေလာခဲ့တဲ့ အိမ်ကိုဖြစ်ချင်ရာဖြစ်ပစ်ထားခဲ့ရပြီး ထားခဲ့တဲ့အတွက် အရမ်းကို ဝမ်းနည်းနေခဲ့ရပါတယ်။ အစဉ်မပြတ်လုပ်လာတဲ့ထုံးတမ်းအစဉ်အလာတွေကိုလည်း သူများနိုင်ငံမှာရောက်နေတဲ့အတွက် လုပ်ဆောင်လို့မရတော့ပါဘူး။ နောက်ပြီး နေသားကျနေတဲ့ဘဝကြီးကနေ ရုတ်ချည်းဆိုသလို အခြားနေရာမှာ မကျွမ်းကျင်တဲ့ ဘာသာစကား၊ အလုပ်နေရာစသည်ဖြင့် အကုန်လုံး တစ်ကနေပြန်စရမှာဖြစ်တဲ့အတွက် ယောက်ျားသားများဟာ စိုးရိမ်ပူပန်နေကြရပါတယ်။

“အရပ်ရှည်ရှည်၊ အသားဖြူဆုတ်ဆုတ်နဲ့ ဒေါသထွက်နေဟန်တူတဲ့ အမျိုးသမီးတစ်ယောက် အိပ်မက်ထဲကို ရောက်လာတယ်။ ပက်လက်လှန်အိပ်နေတာကို ရင်ဘတ်ပေါ် တက်ထွထိုင်ပြီး ဖိထားတာများ။ အော်တော့လည်းအသံမထွက်၊ ဘေးစောင်းတော့လည်း လှုပ်လို့မရဘူး။ ဖိထားလိုက်တာများ အသက်ရှုလို့ ဘယ်လိုမှမရဘူး။ ၁၅ မိနစ်လောက်နေတော့ ရုတ်တရက်ပျောက်သွားတယ်။ အိပ်မက်ကနေ အော်ရင်းလန့်နိုးလာတော့တာပဲ။”

ဒါဟာ လာအိုမှ အခြားနိုင်ငံတွေသို့ ပြောင်းရွှေ့လာခဲ့တဲ့ Hmong လူမျိုးများထဲက အမျိုးသားတစ်ဦးမက်ခဲ့တဲ့ အိပ်မက်ဆိုးပဲဖြစ်ပါတယ်။ ထိုအမျိုးသားဟာ ကံကောင်းစွာနဲ့ အသက်ဘေးမှလွတ်ခဲ့ပေမယ့် အခြားအယောက် (၁၀၀) ကျော်လောက်ကတော့ အိပ်မက်ဆိုးမက်ကာ အသက်ပါဆုံးရှုံးခဲ့ကြပါတယ်။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်ဆေးကြည့်တဲ့ခါမှာတော့ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ကြတာဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။

အိပ်မက်ထဲ အလည်လာတဲ့အမျိုးသမီးဟာ အရင်ကတည်းက Hmong လူမျိုးတို့ရဲ့ ပါးစပ်ရာဇဝင်မှာ ရှိနေခဲ့တာပါ။ နတ်ကိုးကွယ်တဲ့ Hmong လူမျိုးတို့ရဲ့ရှေးဟောင်း အစောင့်အရှောက် Dab Tsog လို့ ယုံကြည်ခဲ့ကြပါတယ်။ သူရှိရာ ရေမြေတောတောင်တွေကို ကာကွယ်ဖို့တာဝန်ရှိတဲ့ Hmong တွေဟာ အရာအားလုံးကိုပစ်ချပြီး အခြားနိုင်ငံကို ထွက်ပြေးသွားတဲ့အပြင် ရိုးရာကိုပစ်ကာ အခြားဘာသာများသို့ ပြောင်းသွားသူတွေရှိနေတဲ့အတွက် ဒေါသထွက်ကာ သတိပေးတာဖြစ်လောက်မယ်လို့ တထစ်ချပြောခဲ့ပါတယ်။

READ
ဘောလိဝုဒ်ရုပ်ရှင်တွေကိုမှီငြမ်းထားတဲ့ ဟောလီးဝုဒ်ဇာတ်ကား(၁၀)ကား

ဆေးပညာအရတော့ စစ်ရဲ့မြင်ကွင်းတွေနဲ့ မိသားစုတွေ၊ မိတ်ဆွေတွေမျက်စိရှေ့မှာတင် ရက်ရက်စက်စက်အသတ်ခံရတာကို မြင်တွေ့ခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာရတာကတစ်ကြောင်း၊ ဘဝတစ်လျှောက်လုံးနေလာခဲ့တဲ့ ပုံစံခွက်ထဲကနေ အပြင်ဖက်သို့ထွက်ကာ အခြားနေရာမှာ ရှင်သန်နေထိုင်ရတဲ့အတွက် စိတ်ဖိဆီးမှုတွေနဲ့ စိတ်ဆင်းရဲဒဏ်တွေကြောင့် အိပ်နေစဉ်အိပ်မက်ဆိုးမက်ကာ နုလုံးရပ်ကာသေဆုံးသွားတာဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။

“Asian Death Syndrome” လို့ အမည်တွင်ခဲ့တဲ့ ဒီအဖြစ်ပျက်အကြောင်း သတင်းစာတချို့မှာ ဖော်ပြထားရုံကလွဲပြီးအာဏာပိုင်တွေမှ များများစားစားထုတ်ပြန်ထားခြင်းမရှိခဲ့ပါဘူး။ သေဆုံးသူတွေရဲ့ ၉၈% လောက်ဟာ အမျိုးသားတွေဖြစ်ပြီး သေဆုံးသူများအားလုံးဟာ နှလုံးရောဂါမရှိ၊ ဘာရောဂါမှမရှိဘဲ ကျန်းမာသန်စွမ်းတဲ့ အသက် (၃၀) ပတ်ဝန်းကျင် လူငယ်များသာဖြစ်ပါတယ်။

www.lifedeathprizes.com

ဒီအဖြစ်အပျက်ဟာ ၁၉၈၁ ခုနှစ်အရောက်မှာတော့ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး ယနေ့တိုင်ပြန်ပေါ်လာခြင်းမရှိတော့ပါဘူး။

IMDb

သတင်းစာမှာဖော်ပြထားတဲ့ “Asian Death Syndrome” အကြောင်းကို ဟောလိဝုဒ်မှ ဒါရိုက်တာဇာတ်ညွှန်းရေးသူ Wes Craven တစ်ယောက်ဖတ်မိကာ စိတ်ကူးထဲမှ ဇာတ်ကောင်တစ်ကောင် ဖန်တီးကာ ကမ္ဘာကျော်ရုပ်ရှင်တစ်ကားကို ရိုက်ကူးခဲ့ပါတယ်။ “A Nightmare on Elm Street” (၁၉၈၄) ဟာ လက်တွေ့မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကို မှီငြမ်းကာရိုက်ကူးထားတာဖြစ်တယ်လို့ Wes ကိုယ်တိုင် ပြောထားခဲ့တာပါ။

Source: Life Death Prizes, NY Times

Penny

SHARE