Adidas မှာ အလုပ်,လုပ်နေတဲ့ စက်ရုပ်များ၊ အလုပ်လက်မဲ့ ဖြစ်တော့မည်

Adidas

အမေရိကန်နဲ့ ဂျာမနီတို့မှာ ဖွင့်လှစ်ထားတဲ့ Adidas ရဲ့ ထုတ်လုပ်ရေးစက်ရုံတွေကို ယခုနှစ် နှောင်းပိုင်းမှာ အပြီးတိုင် ရုတ်သိမ်းတော့မှာ ဖြစ်ချင်းကြောင့်၊ အမေရိကန် ဂျာမန်စက်ရုပ်တွေအဖို့ အလုပ်လက်မဲ့ဘဝကို မကြာခင် ရောက်တော့မှာလို့ သိရပါတယ်။ Adidas ဟာ ၎င်းတို့ရဲ့စက်ရုံတွေကို လူဝန်ထမ်းတွေနဲ့အတူ အလိုအလျှောက်အလုပ်လုပ်တဲ့ စက်ရုပ်တွေနဲ့ ပူးတွဲနေရာချထားခဲ့တာ ကြာပါပြီ။

အမေရိကန်-ဂျာမန်ပြည်နယ်တွေဖြစ်တဲ့ Atlanta နဲ့ Ansbach တို့မှာ ဖွင့်လှစ်ထားတဲ့ Speedfactory တွေကို (၂၀၂၀)ခုနှစ် ဧပြီလမှ အပြီးတိုင်ပိတ်သိမ်းသွားမှာဖြစ်ပြီး၊ Speedfactory တွေကို အာရှတိုက်မှာ ပြောင်းရွှေ့ဖွင့်လှစ်မှာပါ။ ဒီစက်ရုံတွေမှာ အသုံးပြုမယ့် စက်ရုပ်တွေကိုလည်း အာရှအခြေစိုက် ကုမ္ပဏီတွေကနေ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

Adidas

Speedfactory တစ်ခုရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးရဲ့အဆိုအရ အာရှမှာ Adidas နဲ့ အတူလက်တွဲမယ့် ကုမ္ပဏီနှစ်ခု ရှိထားပြီဖြစ်ပြီး၊ အဲဒီကုမ္ပဏီတွေက ထုတ်လုပ်တင်သွင်းတဲ့ စက်ရုပ်တွေနဲ့ လုပ်ငန်းတွေ လည်ပတ်မှာဖြစ်ပါတယ်။ အာရှကို ရွှေ့ပြောင်းရခြင်းက စာရိတ်စက သက်သာခြင်းနဲ့ လိုအပ်တဲ့ညှိနှိုင်းမှုတွေကို အလိုရှိသလို လုပ်နိုင်တဲ့ အားသာချက်တွေ ရှိနေလို့ပါ။

Adidas ကို ဂျာမန်လုပ်ငန်းရှင် Adolf “Adi” Dassler က (၁၉၄၉)ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ အခုဆိုရင် သူတို့ရဲ့ထုတ်လုပ်ရေးအပိုင်းကို အာရှဘက်ဆီ တဖြည်းဖြည်းပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ အခုဆို အာရှတစ်ခွင်ရှိ သူတို့ စက်ရုံခွဲတွေမှာ အလုပ်သမားဝန်ထမ်း အနည်းဆုံး (၁)သန်းလောက် ရှိနေပါပြီတဲ့။

Adidas

အခု မကြာမီမှာ ပိတ်သိမ်းမယ့်  Ansbach Speedfactory စက်ရုံကိုတော့ (၂၀၁၆)ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ဝန်ထမ်း(၁၆၀)သာ ရှိခဲ့ကြောင်း သိရပါတယ်။ တစ်နေ့ကို ဖိနပ် အရံ(၁၅၀၀)အထိ ထုတ်လုပ်ခဲ့ပြီး၊ Atlanta Speedfactory ကိုတော့ (၂၀၁၇)မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒါပေမယ့် ထုတ်လုပ်မှုကုန်ကျစာရိတ်ဟာ အာရှမှာ အခြေစိုက်တာထက်စာရင် ပိုပြီး မြင့်မားနေတဲ့အတွက် နေရာပြောင်းဖို့ စိတ်ကူးခဲ့တာ ဖြစ်ပါတယ်။

Ansbach က ပထမဆုံးထုတ်လုပ်တဲ့ Futurecraft M.F.G. (ဂျာမနီအတွက်သီးသန့်) ဖိနပ်အရံ (၅၀၀)ကတော့ ထုတ်လုပ်ပြီး ချက်ချင်းဆိုသလို ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ အာရှမှာတော့ Adidas ဟာ တရုတ်နဲ့ဗီယက်နမ်မှာ အခြေစိုက်ထားပြီး၊ လက်ရှိအချိန်မှာလည်း ထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေကြောင်း သိရပါတယ်။

 

လက်ရှိထုတ်လုပ်နေတဲ့ Adidas ကုန်အမှတ်တံဆိပ် ဖိနပ်တွေရဲ့ (၉၀)%ဟာ အာရှမှာ ထုတ်လုပ်ကြပါတယ်။ တာဝန်ရှိသူရဲ့အဆိုအရ Adidas ဟာ တစ်နှစ်ကို ဖိနပ်အရံ သန်း(၄၀၀)အထိ ထုတ်လုပ်ကြောင်း သိရပါတယ်။ အခုလို နေရာပြောင်းဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် Carbon footprint လှုပ်ရှားမှုကိုလည်း ထိခိုက်စေမှာ မဟုတ်ကြောင်း ဆိုပါတယ်။

လင်းသူရိန်

SHARE