အထီးကျန်ချိန်တွေကို အကောင်းဆုံးကျော်ဖြတ်ဖို့ နည်းလမ်းတွေမျှဝေခဲ့တဲ့ အာကာသယာဉ်မှုး

instagram/stationcdrkelly

နာဆာအာကာသယာဉ်မှုးတစ်ဦးဖြစ်တဲ့ စကော့တ်ကယ်လီဟာ တစ်ယောက်တည်းအထီးကျန်နေချိန်မှာ လက်တွေ့အသုံးချနိုင်မယ့် အကောင်းဆုံးနေထိုင်နည်းတွေကို မျှဝေခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။ စကော့တ်ဟာ အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှာ တစ်နှစ်ကြာ နေထိုင်လာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံအသီးသီးက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ကြိုးစားနေကြပြီး အားလုံးကို အိမ်ထဲ တံခါးပိတ်နေကြဖို့ တိုက်တွန်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လူဆိုဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ သိုင်းသိုင်းဝန်းဝန်းနေတဲ့ သတ္တ၀ါမျိုးဖြစ်တဲ့အတွက် အိမ်ထဲမှာပိတ်ပြီး ရက်အတော်ကြာ တစ်ယောက်တည်းနေဖို့ဆိုတာ ပင်ပန်းလွန်းပါတယ်။ မိသားစုရှိရင်တော့ နည်းနည်းခံသာပါလိမ့်မယ်။ ဒါကြောင့် စကော့တ်ကတော့ သူ အာကာသစခန်းမှာနေထိုင်ခဲ့စဉ်က အချိန်တစ်နှစ်တာကို တစ်ဦးတည်း ဘယ်လိုကုန်ဆုံးခဲ့တယ်ဆိုတာကို ဗဟုသုတရဖွယ် ပြောပြခဲ့ပါတယ်။

စကော့တ်က အထီးကျန်ပြီး ပျင်းရိငြီးငွေ့တဲ့ဘေးက ကင်းအောင် အချိန်ဇယားတစ်ခုလုပ်ပါလို့ ဆိုပါတယ်။ ဒီဇယားအတိုင်းလိုက်နာခြင်းက ကိုယ်ရော ကိုယ့်မိသားစုပါ အရင်ကနဲ့မတူတော့တဲ့ ရုံးအလုပ်နဲ့ အိမ်အလုပ်တွေပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မယ် ဆိုပါတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်တဲ့ည ဆိုတာမျိုးတွေလည်း ဖန်တီးသင့်တယ်လို့ စကော့တ်က ဆိုခဲ့ပြီး အိပ်ရာဝင်ချိန်ကိုလည်း ပုံသေသတ်မှတ်ပေးတာကောင်းတယ်လို့ အကြံပြုခဲ့ပါတယ်။

စကော့တ်ကတော့ အိမ်မှာနေရင်း အချိန်တွေကိုမြန်မြန်ကုန်စေလိုတယ်ဆိုရင် ၀ါသနာတစ်ခုခုထဲမှာ နှစ်မြှုပ်ထားတာဟာ အကောင်းဆုံးပါလို့ ဆိုပါတယ်။ သူကတော့ စာဖတ်ခြင်း၊ ဂီတတူရိယာတစ်ခုခုကို လေ့ကျင့်တီးခတ်ခြင်း၊ လက်မှုပစ္စည်း ပြုလုပ်ခြင်းနဲ့ အနုပညာဖန်တီးခြင်းတွေစတာတွေကို အကြံပြုထားပါတယ်။ ဒါ့အပြင် ဂျာနယ်တစ်စောင်ထားပြီး အဲဒီဂျာနယ်ထဲမှာ ကိုယ့်အတွေ့အကြုံတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို ရေးသားတာလည်း ကောင်းပါတယ်လို့ စကော့တ်က ပြောပြပါသေးတယ်။

နောက်တစ်ခုကတော့ အိမ်ထဲမှာနေထိုင်ရပေမယ့် လူတွေနဲ့ အဆက်အသွယ်ပြတ်မနေစေဖို့ပါ။ သူကတော့ အာကာသစခန်းအတွင်း နေထိုင်ရစဉ်မှာ သူ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဗီဒီယိုကောတွေ ခေါ်ဖြစ်တယ်လို့ ပြောပြပါတယ်။ ဆိုရှယ်မီဒီယာဟာ လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရာမှာ အကျိုးပြုတဲ့နည်းပညာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ မမှန်ကန်တဲ့သတင်းတွေလည်းရှိနိုင်တာကြောင် World Health Organization နဲ့ Johns Hopkins Coronavirus Resource Center တွေကလို ယုံကြည်ရတဲ့သတင်းဌာနကတွေက ထုတ်ပြန်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ သတိပေးချက်တွေကိုသာ လက်ခံယုံကြည်သင့်ကြောင်းလည်း စကော့တ်က ပြောပြသွားခဲ့ပါတယ်။

READ
ပလတ်စတစ်ဆာဂျရီနဲ့ နည်းပညာအကြား ပြဿနာကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးငယ်လေး

လင်းလင်း (ShweMom)

SHARE