နိုင်ငံတိုင်းမှာ သူ့ဓလေ့နဲ့သူ၊ သူ့ထူးခြားချက်နဲ့သူရှိပါတယ်။ ခုဖော်ပြပေးမှာကတော့ escape.com.au ကတဆင့်တွေ့ရတဲ့ သြစတေးလျနိုင်ငံသားတွေရဲ့ ထူးထူးခြားခြားအမူအကျင့်တွေပဲ ဖြစ်ပါတယ်။
အရှက်ကြီးကြတယ်
အမေရိကန်အမျိုးသမီးတစ်ဦးကတော့ “သူတို့တွေက အရှက်ကြီးကြတဲ့သူတွေ။ ငါးနှစ်ကလေးတောင် အဝတ်လဲခန်းမှာ သူများကအဝတ်ချွတ်ပေးတာ မခံဘူး။ တံခါးပိတ်ပြီး သူတို့ဘာသာသူတို့ ရေကူးဝတ်စုံလဲကြတယ်။ ဒီလိုမျိုး ကျွန်မတစ်ခါမှ မမြင်ဖူးခဲ့ဘူး။” လို့ Quora မှာ ရေးသားဖူးပါတယ်။

ခရစ္စမတ်အချိန် ရာသီဥတုပူတယ်
အင်္ဂလိပ်လူမျိုးတစ်ဦးကတော့ သြစတေးလျနဲ့ပတ်သက်လို့ အခုလိုပြောပြဖူးပါတယ်။ “အားလုံးလည်း သိတဲ့အတိုင်း သြစတေးလျမှာ ခရစ္စမတ်ဆိုတာ နွေရာသီအလယ်ကောင်ကြီး။ အဲ့ဒီတော့ လူတွေက အပြင်မှာ တီရှပ်တွေ ဘောင်းဘီတိုတွေဝတ်ပြီး ရေခဲမုန့်စား၊ အအေးလေးကျိုက်ပြီး လျှောက်သွားတဲ့အချိန် ဆိုင်တွေမှာတော့ Dashing through the snow, on a horse open sleigh.. တွေ In the bleak mid-winter.. အဲ့လို သီချင်းတွေဖွင့်နေတော့ ဘယ်လိုပြောရမလဲမသိတော့ဘူး။”
ကော်ဖီချစ်သူတွေပါ
သြဇီသားတွေဟာ ကော်ဖီကောင်းကောင်းနှစ်ခြိုက်ကြပါတယ်။ သူတို့တွေကော်ဖီနှစ်သက်ပုံနဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကတော့ “ကော်ဖီဆိုတာ သူတို့ရဲ့ဒုတိယဘာသာတရားပဲ။ မြို့ကြီးပြကြီးထဲကိုပဲသွားသွား၊ ဘယ်သွားသွား နေရာစုံမှာ ကော်ဖီနှပ်တဲ့စက်တွေရှိတယ်။ Starbucks တောင် မတိုးနိုင်ဘူး။ Starbucks ကော်ဖီက ဆိုးလွန်းလို့ဆိုပြီး သြစတေးလျသားတွေက မသောက်ကြဘူး။”

စကားတွေကို အဓိပ္ပါယ်ဒဲ့ပြန်လို့မရ
မကြာသေးခင်ကမှ သြစတေးလျနိုင်ငံထဲ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ အိမ်နီးချင်းရဲ့ နေ့လည်စာစားဖို့ဖိတ်ခေါ်တာကို လက်ခံလိုက်ပါတယ်။ ဒါနဲ့ သူမက သူမရဲ့အိမ်နီးချင်းကို သူမရော ဘာယူလာရမလဲဆိုပြီး မေးလိုက်ပါတယ်။ အိမ်နီးချင်းကတော့ “everyone’s just bringing a plate” ဆိုပြီး ပြောလိုက်ပါတယ်။ ဆိုလိုရင်းကတော့ တခြားသူတွေနဲ့အတူ မျှဝေစားနိုင်အောင် အစားအသောက်နည်းနည်းယူလာနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကို အဓိပ္ပါယ်မဖော်နိုင်တဲ့ အဆိုပါအမျိုးသမီးကတော့ အိမ်နီးချင်းမှာ ပန်းကန်ခွက်ယောက်အပြည့်အစုံမရှိဘူးအထင်နဲ့ နေ့လည်စာသွားစားတဲ့အခါ ပန်းကန်ပြားအလွတ်တစ်ချပ်ယူသွားခဲ့တယ်ဆိုပါတယ်။
သားပိုက်ကောင်သား စားတယ်
ဒီအချက်ကတော့ စာဖတ်သူတွေကိုဒွိဟဖြစ်သွားစေမှာပါ။ အမေရိကန်သားတစ်ယောက်ကတော့ “ကျွန်တော့် တိုးဂိုက်က ဟမ်ဘာဂါစားနေတော့ ကျွန်တော်က ဘာသားနဲ့စားလဲမေးလိုက်တယ်။ သူက သားပိုက်ကောင်တဲ့။ ကျွန်တော် တကယ်အံ့သြသွားတယ်။ စဉ်းစားကြည့်ဦးလေ။ ကိုယ့်နိုင်ငံရဲ့အထိမ်းအမှတ် တိရစ္ဆာန်ကောင်ကို ဘယ်သူက စားမှာလဲ။ တကယ်တော့ ဒါ အစိုးရက နိုင်ငံသားတွေကို သားပိုက်ကောင်သားစားခိုင်းတာဗျ။ ဘာလို့တုန်းဆိုတော့ ဒီကျွန်းမှာ သားပိုက်ကောင်တွေကိုစားသောက်တဲ့ သတ္တဝါမရှိဘူးလေ။ ဒါကြောင့် သားပိုက်ကောင်ဦးရေကို ထိန်းချုပ်ရအောင်လို့တဲ့။ တကယ်လို့ နိုင်ငံခြားပို့ပြီး အသားရောင်းစားမယ်ဆိုလည်း နိုင်ငံအတွက်ရှက်စရာဖြစ်မှာစိုးလို့ ဒါမျိုးလုပ်ဖို့ အစိုးရက တိုက်တွန်းထားတာ။” လို့လည်း Quora မှာ ဒီလိုပြောပြဖူးပါတယ်။
ShweMom