ကမ္ဘာ့အကောင်းဆုံး ဆံပင်ဂုတ်ဝဲကေ ပိုင်ဆိုင်ထားတဲ့အမျိုးသား ဆုတံဆိပ် ထိုက်တန်စွာဆွတ်ခူး

Facebook/Rob Ayton

(၁၉၇၀)ဝန်းကျင်လောက်က ရော့်ခ်စတားတွေကြောင့် လူငယ်ထုကြားရေပန်းစားခဲ့တဲ့ Mullet လို့ခေါ်တဲ့ ဆံပင်ပုံစံဟာ ယနေ့ခေတ်မှာတော့ အတော်လေးကို တွေ့ရနည်းတဲ့ဆံပင်ပုံစံပါ။ ဖတ်ရှင်ရေစီးကြောင်းအရတော့ အခုအချိန်ထိ ဒီဆံပင်ပုံစံ ရှိနေဆဲဆိုပေမယ့် အလွန်အတွေ့ရ နည်းလာါပြီ။

ယနေ့ခေတ်မှာတော့ တချို့က ဒီဆံပင်ပုံစံကို ခပ်ကြောင်ကြောင်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ခေတ်ဆိုတာ အမျိုးမျိုးပြောင်းလဲလာခဲ့တာဖြစ်ချင်းကြောင့် သူ့ခေတ်သူ့အခါကတော့ အတော်လေးကို ပေါက်မြောက်အောင်မြင်ခဲ့တာပါ။ Mullet ဆံပင်ပုံစံဟာ ရှေ့ကို အတိုထားပြီး၊ နောက်ဆံပင်ကို အရှည်ချထားတဲ့ ပုံစံဖြစ်ပါတယ်။ အများအားဖြင့်တော့ လည်ဂုတ်လောက်မှာ အဝဲပုံစံ ထားတတ်ကြပါတယ်။

Facebook/Rob Ayton

အခုလည်း အသက်(၃၁)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ကမ္ဘာ့အကောင်းဆုံး Mullet ဆံပင်ပုံစံကို ပိုင်ဆိုင်ထားတဲ့အတွက် ဆုတံဆိပ် ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့တယ်လို့ Ladbible သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သူ့အမည်ကတော့ Rob Ayton ဖြစ်ပြီး၊ ဂရက်ဖစ်ဒီဇိုင်နာတစ်ဦး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက သြစတေးလျကို ရောက်ရှိစဉ် Mullet ဆံပင်ပုံစံကို စထားခဲ့တာပါတဲ့။

တကယ်တော့ ဒီဆံပင်ပုံစံကို Rob က နောက်ပြောင်တဲ့သဘောနဲ့ ညှပ်ခဲ့တာပါ။ ဒီလိုနဲ့ ဆံပင်တွေ တဖြည်းဖြည်းရှည်လာတဲ့အထိ ဖြစ်ခဲ့ပြီး၊ သူလည်း နောက်တာပြောင်တာကနေ အတည်သဘောမျိုး ဆံပင်ကို ထားခဲ့ပါတယ်။ သူ့ကို ကြည့်လိုက်ရရင် အဖြူအမည်း ရုပ်ရှင်တစ်ခုကို မြင်လိုက်ရတဲ့အတိုင်း လွန်ခဲ့တဲ့အနှစ်(၅၀)လောက်ကို ပြန်ရောက်သွားသလို မြင်မိစေမှာပါ။

Rob ဟာ အင်္ဂလန်နိုင်ငံ၊ ဘိုက်ဒ်ဖို့ဒ်ဇာတိဖြစ်ပြီး၊ အခုနှစ် သြစတေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်ပြည်နယ်၊ Kurri Kurri မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ Mulletfest ပြိုင်ပွဲကို ဝင်ရောက်ပူးပေါင်းခဲ့ရာ၊ မထင်မှတ်ဘဲ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူဒီကို လာရင်းရည်ရွယ်ချက်က စကိတ်စီးပြိုင်ပွဲအတွက် ဖြစ်ပါတယ်။

Facebook/Rob Ayton

ပြိုင်ပွဲမှာ ကမ္ဘာ့အရပ်ရပ်က Mullet ဆံပင်ပိုင်ရှင် (၈)ယောက်အထိ ပါဝင်ခဲ့ပြီး၊ ဒီအထဲမှာ Rob လည်း အူပေပေနဲ့ ပါဝင်ဖြစ်ခဲ့တာပါ။ သူဟာ ယခင်က Mullet ဆံပင်ကို အသည်းအသန်မဖြစ်ခဲ့ပေမယ့် အခုတော့ သူ့အနေနဲ့ ကမ္ဘာချန်ပီယံဘွဲ့ကြီးကိုကာကွယ်ရမယ့် ဝတ္တရားကလည်း ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Rob က Mullet ဆံပင်ပုံစံကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တော်ရုံဇွဲသတ္တိနဲ့ မဖြစ်နိုင်ကြောင်း အချိန်လည်း ယူရသလို၊ စိတ်လည်း ရှည်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ပေါက်လွှတ်ပဲစားပြောတဲ့ လူတွေရဲ့ပါးစပ်တွေကို နားက သွားမယောင်ဖို့ကလည်း အရေးကြီးကြောင်း အကြံပေးခဲ့တာပါ။ ဒီပြိုင်ပွဲမှာ ပါဝင်သူ (၁၂)ဦးအနက် (၈)ဦး စံကာတင်ကနေ အဆင့်ဆင့် ဖြုတ်ချပြီး နောက်ဆုံးကျန်ရစ်သူကို ဆုပေးတဲ့သဘောပါတဲ့။

လင်းသုတ

SHARE