စားပွဲထိုးဘဝကနေ ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့တဲ့ အောင်မြင်လာခဲ့တဲ့ အာရှသူလေး

Instagram/Awkwafina

ဒီနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲကြီးမှာ မှတ်တမ်းသစ်တစ်ခုတင်နိုင်ခဲ့တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ တရုတ်သွေးပါတဲ့ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Awkwafina က ပထမဆုံး အာရှ-အမေရိကန်အနေနဲ့ ဆုရရှိခဲ့ခြင်းပါ။

နာမည်ဖတ်ရခက်တဲ့ Awkwafinaဟာ ရွှေကမ္ဘာလုံးဆုကို The Farewell ရုပ်ရှင်ဇာတ်ကားနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင် ဟာ ဒါရိုက်တာဖြစ်သူ Lulu Wang ရဲ့ ဘဝဇာတ်လမ်းတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတဲ့ ဒရမ်မာရုပ်ရှင်ကားတစ်ကားပါ။

 

သူ(မ)ရဲ့ ဆုလက်ခံမိန့်ခွန်းထဲမှာ သူ(မ) ဘဝမှာ ကြုံတောင့်ကြုံခဲရရှိခဲ့တဲ့ အခွင့်အရေးတွေအကြောင်းကို ပြောသွားခဲ့ပါသေးတယ်။ ဒါ့အပြင် သူ(မ)ကို အလုပ်မရှိလို့  အမြဲဆူပူနေတဲ့ သူ(မ)ရဲ့ ဖခင်ဖြစ်သူကိုလည်း “သမီး ပြောသားပဲ၊ သမီးအလုပ်တစ်ခုတော့ ရမှာပါ”လို့ဆိုပြီး စင်ပေါ်မှာ အရွှန်းဖောက်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Awkwafina ဟာ အခုအချိန်မှာ ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ အလွှမ်းဆုံးနိုင်ဆုံးလူတွေထဲက တစ်ဆုတစ်ဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာပါ။ သူ(မ)ဟာ ဒီလို အောင်မြင်လာဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာ-ရလာတာတော့ မဟုတ်လှပါဘူး။

 

မွေးနာမည် Nora Lum ဖြစ်တဲ့ Awkwafina ဟာ အခုလို ရုပ်ရှင်ကားတွေထဲမှာ သရုပ်ဆောင်တစ်ယောက် မဖြစ်လာခင်တုန်းက ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးလမ်းတစ်ခုကို ဖြတ်သန်းခဲ့ရတာပါ။ ဒါ့အပြင် သူ(မ)ဟာ ရက်ပ်သီချင်းတွေကို ချစ်ခင်တတ်သူတစ်ယောက်ဖြစ်ပြီး သူ(မ)ကိုယ်တိုင်လည်း ရက်ပ်ပါတစ်ယောက်လည်း ဖြစ်နေပါတယ်။ အဆိုတော်တရုတ်မလေးတစ်ယောက်ပေါ့။

 

စားသောက်ဆိုင်တစ်ဆိုင်မှာ တစ်နာရီကို ကိုးဒေါ်လာနဲ့ (၆)နှစ်လောက် စားပွဲထိုးလုပ်ခဲ့ရတဲ့ Awkwafina ဟာ ဘဝကို ကောင်းကောင်းကြီး ဖြတ်သန်းခဲ့သူတစ်ယောက်ပါ။ အဲဒီ စားသောက်ဆိုင်မှာပဲ စားပွဲထိုးအလုပ်တွေ၊ ငွေစာရင်းကိုင်အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာပါ။ ဒီလို စားသောက်ဆိုင်အကူအဖြစ် အလုပ်လုပ်နေရင်းမှာပဲ သူ(မ)ဟာ သူ(မ) ကြိုက်နှစ်သက်တဲ့ ရက်ပ်သီချင်းတွေကို သီဆိုနေခဲ့ပါတယ်။ ရက်ပ်သီချင်းတွေ ဆက်တိုက်ဆိုနေတဲ့ သူ(မ)ထံကို ဓာတ်ပြားတိုက်ကြီးတစ်ခုက ဆက်သွယ်လာခဲ့ပါတယ်။ ဒီအကြောင်းကို သူ(မ)ကိုယ်တိုင်က အခုလိုပြောပြ ခဲ့ပါတယ်။

“တစ်နေ့တော့ ကျမဆီကို အီးမေးလ်တစ်စောင် ဝင်လာတယ်။ နာမည်ကြီး ဓာတ်ပြားတိုက်ကြီး တစ်ခုပါ။ သူတို့က ကျမနဲ့ တွေ့ချင်တယ်ဆိုတဲ့အကြောင်းပြောတယ်။ သူတို့နဲ့ သွားတွေ့ရာ လမ်းတစ်လျှောက်လုံးမှာ  Fleetwood Macရဲ့ အိပ်မက်များ သီချင်းကို တစ်လမ်းလုံးနားထောင်သွားတာပဲ။ သူတို့က ကျမ သီချင်းတွေထဲက နှစ်ပုဒ်ကို နားထောင်ပါတယ်။ ပြီးမှ ဆက်သွယ်လိုက်မယ်ပြောပြီး ဘယ်တော့မှ သူတို့ ပြန်မဆက်သွယ်တော့ပါဘူး”

 

ရက်ပ်ပါမလေးတစ်ယောက်ဖြစ်တဲ့ Awkwafinaဟာ စစချင်း ပွဲဦးထွက်ဟာ အဖွင့်မကောင်းခဲ့ပါ။

“ရက်ပ်ပါတစ်ယောက် ဖြစ်ချင်တဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေခဲ့တဲ့ အဲဒီနေ့ရက်တွေကို အခုထိ မှတ်မိနေတုန်းပဲ။ သူတို့ ထုတ်ဝေပေးမယ့် စာရင်းထဲက အကန်ထုတ်ခံရလိုက်ရချိန်မှာ Awkwafina ဆိုတဲ့ နာမည်ဟာ ပြက်လုံးတစ်ခုပဲလေ။ Awkwafina ဆိုတဲ့ နာမည်နဲ့ အောင်မြင်ဖို့ဆိုတာ ကျွန်မရဲ့ အိပ်မက်တစ်ခုပါ”လို့  Nora Lum က သူ(မ)ရဲ့ နာမည်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

Awkwafina ဟာ ဒီလို အငြင်းပယ်ခံခဲ့ရပေမယ့် စိတ်ဓာတ်မပျက်ပြားသွားခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှာပဲ Yellow Ranger ဆိုတဲ့ Hip-Hop အယ်လ်ဘန်တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူ(မ)ဟာ တီဗွီရှိုးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ Host တစ်ယောက်အနေနဲ့လည်း တာဝန်ယူခဲ့ပြီး သူ(မ)ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ၊ စကားပြောပုံ ပြောပေါက်တွေဟာ ရုပ်ရှင်ရိုက်ကူးရေးသမားတွေအတွက် မျက်စိကျစရာတစ်ခုဖြစ်လာခဲ့ပါတယ်။

 

 

View this post on Instagram

 

@thefarewell comes out today!!#callyourgrandma @a24 📸: @casi.moss

A post shared by AWKWAFINA (@awkwafina) on

သူ(မ)ရဲ့ ပထမဆုံး ရုပ်ရှင်ကားကတော့ (၂၀၁၆) ခုနှစ်မှာ ထွက်ခဲ့တဲ့ Neighbors 2: Sorority Rising ဆိုတဲ့ လူငယ်ဖန်စီရုပ်ရှင်ကားဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ထဲမှာ သူ(မ)ဟာ Zac Efron ၊ Chloë Grace Moretz၊ Selena Gomez တို့နဲ့ အတူသရုပ်ဆောင်ခဲ့ရတာပါ။ ဒီနောက်မှာတော့ Storksဆိုတဲ့ အန်နီမေးရှင်းရုပ်ရှင်ကားမှာ Quail နေရာမှာ အသံသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ ဒီအထိတော့ သူ(မ)ဟာ မထင်မရှားသရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်နေတုန်းပါပဲ။

၂၀၁၈ ခုနှစ်မှာတော့ Crazy Rich Asians ရုပ်ရှင်ဇာတ်ကားမှာ သူ(မ) ပါဝင်ခွင့်ရရှိခဲ့ပြီး သူ(မ)ရဲ့ နာမည်လည်း တစ်ကမ္ဘာလုံးက ပရိသတ်ွေ တော်တော်များများ သိရှိသွားခဲ့ကြပြီး အောင်မြင်တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Crazy Rich Asians ထဲမှာ Henry Golding၊ Constance Wu ၊Michelle Yeoh တို့ သရုပ်ဆောင်ထားပြီး ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။

၂၀၁၈ ခုနှစ်တည်းမှာပါပဲ။  Netflix ရုပ်ရှပ် Dude မှာ သူ(မ) သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Ocean’s 8 ဇာတ်ကားမှာလည်း ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ Sandra Bullock၊ Anne Hathaway၊ Sarah Paulson၊ Helena Bonham Carter၊ Rihanna၊ Mindy Kaling ၊ Cate Blanchett  တို့နဲ့ ယှဉ်တွဲသရုပ်ဆောင်ခဲ့ရတာပါ။

သူ(မ)အနေနဲ့ သူ(မ) ဘဝအကြောင်းကို ပြန်ပြောင်းပြောဆိုတဲ့ အခါမှာ သူ(မ)ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အပြင် ရက်ပ်တစ်ယောက်ပါဖြစ်ကြောင်းကိုလည်း ပြောဆိုလေ့ရှိသူပါ။

၂၀၁၉ ခုနှစ်မှာတော့ သူ(မ) ဟာ The Simpsons ၊ Angry Birds 2၊ The Dark Crystal: Age of Resistance၊ Jumanji: The Next Level စတဲ့ ရုပ်ရှင်တွေ၊ အန်နီမေးရှင်းတွေမှာ ပါဝင်ခွင့်ရထားပါတယ်။

Ye Yint Kyaw

SHARE