
လူတော်တော်များများ Baby Shark သီချင်းကို နားမထောင်ဘူးရင်တောင်မှ နားစွန်နားဖျား ကြားဖူးကြမှာပါ။ အဆိုပါ သီချင်းဟာ ကလေးတိုင်းကြိုက်နှစ်သက်ကြတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထွက်ထွက်ချင်း ၂၀၁၈ ခုနှစ်မှာပဲ တော်တော်လေးကို ပေါက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ အခုအချိန်မှာတော့ အဆိုပါ Baby Shark သီချင်းဟာ Youtube မှာ ကြည့်ရှု့သူအများဆုံး သီချင်းတစ်ပုဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြောင်း Business Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ သီချင်းကို Youtube ပေါ်မှာ ကြည့်ရှု့သူ ၇.၀၅ ဘီလီယံအထိတောင် ရှိခဲ့ပါတယ်။ အဆိုပါ ကြည့်ရှု့သူအရေအတွက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း တစ်ယောက်ချင်းစီ ကြည့်ရှု့တဲ့ အရေအတွက်နီးပါးတောင်ရှိပါတယ်။ အဆိုပါ သီချင်းကိုတော့ ကလေးကစားစရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် SmartStudy ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Baby Shark သီချင်း မတိုင်ခင်တုန်းကတော့ Luis Fonsi နဲ့ Daddy Yankee တို့ရဲ့ Despacito အမည်ရှိ သီချင်းဗီဒီယိုဟာ Youtube ပေါ်မှာ ကြည့်ရှု့သူပေါင်း ၇.၀၃ ဘီလီယံနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါ Baby Shark သီချင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတုန်းက US Billboard Hot 100 ထဲမှာ အဆင့် ၃၂ အထိတောင် ရောက်ရှိခဲ့ပါသေးတယ်။
“Baby Shark သီချင်းက ဒီလောက်အထိ အောင်မြင်သွားခဲ့လိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မထင်ခဲ့ပါဘူး။ ဒီသီချင်းကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းနဲ့ အားပေးနားထောင်ခဲ့သူမှန်သမျှကို ကျွန်တော်တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ်။ အခုလို ကလေးကြိုက်သီချင်းတစ်ပုဒ်ဟာ ဒီလိုမျိုး မှတ်တမ်းစိုက်ထူနိုင်ဖို့ မလွယ်မှန်း သိပါတယ်။ နောက်လည်း ဒီထက်ကောင်းတဲ့ ကလေးသီချင်းတွေ အများကြီးထပ်လုပ်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ SmartStudy ကုမ္ပဏီရဲ့ CEO ဖြစ်သူ Min Seok Kim က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw